အောက်တိုဘာမှာ NCA လက်မှတ်ထိုးမယ်လို့ အစိုးရဆို

စာချုပ်အရ ဆက်လုပ်ရမယ့် အပိုင်းတွေကို ဦးအောင်မင်းက ရှင်းပြခဲ့

ဓာတ်ပုံ ရင်းမြစ်, MPC

ဓာတ်ပုံ ပုံစာ, စာချုပ်အရ ဆက်လုပ်ရမယ့် အပိုင်းတွေကို ဦးအောင်မင်းက ရှင်းပြခဲ့

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူ စာချုပ်ကို လာမယ့် အောက်တိုဘာလ ပထမပတ်မှာ လက်မှတ်ထိုးမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက နိုင်ငံရေးပါတီ တွေကို ပြောလိုက် ပါတယ်။

အဲဒီ သဘောတူညီချက်ကို လက်မှတ်ထိုး ပြီးတဲ့အခါ စာချုပ်အတိုင်း ဆက်လက် လုပ်ဆောင်ရမယ့် ကိစ္စတွေကို နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံ ရှင်းပြရင်း ရန်ကုန်မြို့မှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သဘောတူ စာချုပ်မှာ ဘယ်နှစ်ဖွဲ့ ပါဝင် လက်မှတ် ရေးထိုးမယ် ဆိုတာ အစိုးရဘက်က အသေအချာ မပြောပေမယ့် သမ္မတ သဘောတူ ထားတဲ ၁၅ ဖွဲ့ နဲ့ပဲ လက်မှတ်ထိုးဖို့ အဓိက ပြင်ဆင်နေပုံရ ပါတယ်။

အဲဒီထဲမှာ ကေအိုင်အေ ကချင် လက်နက်ကိုင် အဖွဲ့က ပါဖို့ မသေချာသေးပါဘူး။

ဒါပေမယ့် ကေအန်ယူ အပါဝင် ကရင် လက်နက်ကိုင် သုံးဖွဲ့၊ ရှမ်း နှစ်ဖွဲ့၊ ရခိုင်၊ ချင်း၊ မွန် နဲ့ ABSDF ကျောင်းသားများ ဒီမိုကရက် တပ်ဦးတို့က လက်မှတ် ရေးထိုးမယ့် အခြေအနေ ရှိနေပါတယ်။

တအောင်း အမျိုးသား ပါတီက ကိုယ်စားလှယ် တစ်ဦး ကတော့ “တဖွဲ့ထိုးထိုး နှစ်ဖွဲ့ထိုးထိုး ဆက်လုပ်သွားရမယ်၊ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်” ဆိုတဲ့ အစိုးရဖက်က ပြောဆိုချက်ကို ပြန်လည် မေးခွန်း ထုတ်ခဲ့ပါတယ်။

အစိုးရဘက်ကတော့ နိုင်ငံရေး ပါတီတွေကို ရှင်းလင်း ပြောပြတာ ပြီးရင် နိုင်ငံခြား သံတမန်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေကိုပါ ဒီရက်ပိုင်း အတွင်း ဆက်လက် ဖိတ်ကြားပြီး နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ စာချုပ် အတိုင်း ဆက်လက် လုပ်ဆောင်ရမယ့် ကိစ္စတွေကို ရှင်းပြဖို့ ရှိနေပါတယ်။