မဲဆန္ဒရှင် စာရင်းမှာ အမှားအယွင်းတွေ များ

ဓာတ်ပုံ ရင်းမြစ်, AFP
အခု နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေထဲမှာ အမှားအယွင်းတွေ ရှိနေတယ် ဆိုပြီး မဲဆန္ဒရှင်တချို့ရဲ့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။
အခုလို မှားယွင်းရတာဟာ ကွန်ပြူတာထဲ သွင်းတဲ့အခါ လူနာမည်ကို ဖတ်ပြီး ရိုက်ထည့်တဲ့ အတွက် စာလုံးပေါင်း မှားနိုင်တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဘီဘီစီကို ပြောပါတယ်။
အဓိကအားဖြင့် မဲဆန္ဒရှင်အမည်၊ မိဘ အမည်၊ မွေးသက္ကရာဇ်၊ လူမျိုး၊ လိပ်စာ စတာတွေကို ကော်မရှင်က ဖြည့်ပြီး နောက်ဆုံး အကွက်မှာ မဲဆန္ဒရှင်က လက်မှတ်ထိုးရမှာ ဖြစ်ကြောင်း၊ မှားရင် ပြင်တာ၊ မပါသေးရင် ဖြည့်တာ၊ မပါသင့်သူ ပါရင် ကန့်ကွက်တာတို့ကို မဲစာရင်းတွေ ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ စက်တင်ဘာလ ၁၄ရက်နေ့ကနေ နောက်သီတင်း နှစ်ပတ် အကြာ စက်တင်ဘာလ ၂၇ရက်နေ့အထိ မဲဆန္ဒရှင်တွေအနေနဲ့ တရားဝင် လုပ်နိုင်ခွင့် ရှိကြောင်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အခြေခံ မဲစာရင်းတုန်းက စုစုပေါင်း ၃၀ရာခိုင်နှုန်းပဲ လာရောက် ပြင်ဆင်သူတွေ ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းက လာမကြည့်ခဲ့ကြဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် အခု ဒုတိယ အကြိမ် မဲစာရင်းမှာ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက အမှားအယွင်းတွေကို လာရောက် ကြည့်ရှု ပြင်ဆင်ကြဖို့ ကိုလည်း သူက တိုက်တွန်းထားပါတယ်။
မဲစာရင်း မှန်ကန်ရေးအတွက် နိုင်ငံရေး ပါတီတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပြီး ဖြစ်ပြီး နိုင်ငံရေးပါတီတွေကလည်း သဘောတူ ထားကြောင်း၊ ဒါ့ကြောင့် ဘယ်ပါတီကိုပဲ ဖြစ်ဖြစ် အကူအညီ တောင်းခံနိုင်ကြောင်း ပြောပါတယ်။
တကယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့၀င်တွေကြောင့် မဲစာရင်း အမှားအယွင်း ဖြစ်ခဲ့တယ် ဆိုတဲ့ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုရင် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်တွေကို တရားစွဲဆိုနိုင်တယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသွားပါတယ်။




