နိုင်ငံခြား ဆန်တင်ပို့မှု ပြန်ဖွင့်မလား ဆုံးဖြတ်ဖို့ရှိ

မြန်မာ နိုင်ငံ ကနေ ပြည်ပ ကို ဆန်တင်ပို့မှု ပိတ်ထားတာ ပြန်လည် ရုတ်သိမ်း တော့မလား ဆိုတာ ကို အခု ရက်ပိုင်း ထဲမှာပဲ မြန်မာ အာဏာပိုင် တွေ ဆုံးဖြတ် ဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ လတွေ တုန်းက တနိုင်ငံလုံး အနှံ့ မကြုံစဖူး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ပြီး လယ်မြေ ဧက သန်းချီ ပြီးတော့လည်း ရေမြုပ် ခဲ့ရတာ ကြောင့် ပြည်တွင်း စားသုံးဖို့ မလုံလောက် မှာ စိုးရိမ်မှု နဲ့ ပြည်ပ ကို ဆန် တင်ပို့ ခွင့် တလခွဲ ပိတ်ထားတာ ဖြစ်ပါတယ်။
လာမယ့် ရက်ပိုင်း စက်တင်ဘာ ၁၅ ရက် ဆိုရင် သတ်မှတ် ထားတဲ့ တစ်လခွဲ ကာလ ပြည့်ပြီ ဖြစ်လို့ ပြည်ပ ကို ပြန်လည် ပို့ ခွင့် ပြုဖို့ အစိုးရ ကို တိုက်တွန်းထားတယ် ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် က ပြောပါတယ်။
အစိုးရ အနေနဲ့ တင်ပို့ခွင့် ကို အပြည့်အဝ ပြန်လည် ဖွင့်ပေးမှာ လား၊ အကန့်အသတ် ဆက်လက် ထားရှိဦး မှာလား ဆိုတာ မသိရ သေးဘူး လို့ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင် က ဘီဘီစီ ကို ပြောပါတယ်။
တကယ်လို့ ဆန်တင်ပို့ခွင့် ကို အကန့်အသတ် နဲ့ သာ အစိုးရဘက် က ခွင့်ပြုလာ ခဲ့ရင် မပိတ်ခင် ကတည်း က ပြည်ပ က ဝယ်လက် နဲ့ စာချုပ်စာတမ်း ချုပ်ဆိုပြီး တင်ပို့ဖို့ ရာ ဆိုင်းငံ့ ထားခဲ့ရ သူတွေ ကို ဦးစား ပေး ဖွင့် ပေး နိုင်တယ် လို့ လည်း ဦးချစ်ခိုင် က ပြောပါတယ်။
မြန်မာ ပြည် မှာ လက်ရှိ အရံ ဆန် တန်ချိန် ၅ ထောင် လောက် သာ ရှိနေ ပေမယ့် အခု လပိုင်းတွေ ထဲ သဘာဝ ဘေး အန္တရာယ် ဆိုးဆိုးရွားရွား ထပ်ကျ မလာဘူး ဆိုရင် ပြည်တွင်း စားသုံးမှု အတွက် မလုံလောက် မှာ ကို စိုးရိမ် စရာ မလိုဘူး လို့ ဦးချစ်ခိုင် က ဆိုပါတယ်။
အခုလို ပြည်ပ ကို ဆန် ပို့ခွင့် ပြန်လည် ဖွင့် ပေးလို့ ပြည်တွင်း ဆန် မလုံမလောက် ဖြစ်လာ ခဲ့ရင်လည်း ထိုင်း နဲ့ ပါကစ္စတန် တို့လို နေရာ တွေ ကနေ ပြန်လည် တင်သွင်း ဖို့ စဉ်းစား ထားပြီး ဆန် ရောင်းဝယ် ဖောက်ကားရေး မှာ ထိန်းချုပ် မှု မရှိတဲ့ လွတ်လပ်တဲ့ စျေးကွက် ဖြစ်စေချင်တယ် လို့ ဦးချစ်ခိုင် က ပြောပါတယ်။




