ဧရာတီ ရေဘေး စိုးရိမ်ရသေး

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လာမယ့် ရက်တွေ အတွင်း ရေလွှမ်းမိုးမှု အန္တရယ် အများဆုံး ရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ် ။
ဟင်္သာတ၊ ဇလွန် စတဲ့ မြို့တွေမှာ သြဂုတ်လ ၅ ရက်နေ့လယ်ပိုင်း တိုင်းထွာချက်အရ ဧရာ၀တီ မြစ်ရေ စိုးရိမ် ရေမှတ်ထက် ၃ ပေ ဝန်းကျင် ကျော်လွန်နေပါတယ်။
လာမယ့် နှစ်ရက် အတွင်း နောက်ထပ် ပေ ဝက်လောက် ထပ်တက် နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးထားပါတယ်။
သြဂုတ်လ ၄ ရက်နေ့က လိမ္မော်ရောင် အန္တရာယ် အဆင့် သတ်မှတ်ထားတဲ့ ညောင်တုန်း မြို့မှာ ဒီအဆင့်အတိုင်း ဆက်ရှိနေ ပါတယ်။
ညောင်တုန်း မြို့နယ်ထဲက ရေဘေးသင့် သပြုရေလည် အုပ်စု ရွှေဒင်္ဂါးကျွန်း ကျေးရွာက မိသားစုတွေကို ရွာမှာ ထားခဲ့ပြီး ညောင်တုန်းမြို့ပေါ်မှာ ကယ်ဆယ်ရေး အကူအညီ ရဖို့ လာရောက် တောင်းခံနေတဲ့ ဒေါ်စန်းမြိုင်က သူတို့ရွာမှာ အိမ်ခြေ ၁၅၀ ရေမြုပ်နေပြီး ဘာအကူအညီမှ မရဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ညောင်တုန်း မြို့နယ်ထဲမှာ ငါးသန်ချောင်း ၊ ကျိန်ချောင်း ၊ စက္ကော့ စတဲ့ ရွာတွေ လွန်ခဲ့တဲ့ ၁၅ ရက်လောက် ကတည်းက ရေမြုပ်နေတာ ဖြစ်ပါတယ်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ကတော့ သူတို့ ဒေသမှာ ရွာအုပ်စု ပေါင်း ၂၀ လောက် ရေဘေးဒဏ် ခံနေရတယ်လို့ ခန့်မှန်းရပြီး လူဦးရေ တစ်သောင်းလောက် အတိ ဒုက္ခရောက် နေတယ်လို့ ပြောပါတယ်။
သြဂုတ် လဆန်းတုန်းက တနာရီကို နှစ်လက်မ နှုန်းနဲ့ ရေတက်ခဲ့တဲ့ ဇလွန်မြို့မှာ တော့ သြဂုတ်လ ၅ ရက်နေ့က ရေဆက်မတက်ဘဲ တန့်နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
အလားတူ ဟင်္သာတ မြို့နယ် ခင်ဖုန်း အုပ်စုထဲက ရွာတွေမှာ ဆိုးဆိုးရွားရွား ရေမြုပ်နေပြီး အိမ်ခြေ ၂၀၀ ကျော်လောက် ရေဘေးဒဏ် ခံနေရတာကြောင့် သာသနာ့ လင်္ကာရ ကျောင်းတိုက် ထဲမှာ လူ၄၀၀ လောက်ကို လက်ခံပြီး ကယ်ဆယ်ရေး စခန်း ဖွင့်ထားရ ပါတယ်။
မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဧရာဝတီမြစ် အထက်ပိုင်း ရေဘေးသင့် ဒေသတွေမှာ မိုးနည်းသွားပြီး ရေအနည်းငယ် ကျသွားတဲ့ အတွက် အဆိုးရွားဆုံး အခြေ အနေကနေ ကျော်သွားပြီလို့ ဆိုနိုင်တဲ့ အကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသမှာ မုတ်သုံလေ ဆက်ရှိနေသေးတဲ့ အတွက် မိုးဆက်ရွာနိုင်တယ်လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် မှာတော့ မုတ်သုံလေ အားနည်းသွားပြီး မိုးနည်းသွားပြီလို့ သူက ပြောပါတယ်။








