မြ​ဝ​တီ-ကော့​က​ရိတ်​အာ​ရှ အဝေး​ပြေး လမ်း​သစ် ဖွင့်​တော့မယ်

_myawaddy
ဓာတ်ပုံ ပုံစာ, ဒီလမ်းကို ထိုင်းနိုင်ငံက အကုန်အကျ ခံပြီး ထိုင်းကုမ္ပဏီ တခုက ၃ နှစ်နီးပါး တည်ဆောက် ခဲ့တာ ဖြစ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ကနေ ကော့ကရိတ် မြို့ကို ဆက်သွယ် ထားတဲ့ အာရှ အဝေးပြေး လမ်းသစ် ကို အခု လကုန်ပိုင်း သြဂုတ်လ ၃၀ ရက်နေ့မှာ ဖွင့်လှစ် ဖို့ ရှိပါတယ်။

ဒီလမ်းပိုင်းဟာ ၄၅ ကီလိုမီတာ၊ မိုင်အားဖြင့်ဆို မိုင် ၃၀ နီးပါး လောက်ပဲ ရှိပေမယ့် ဗီယက်နမ် နိုင်ငံ ဒါနမ်း ဆိပ်ကမ်းမြို့ အပါအ၀င် မဟာမဲခေါင် ဒေသတွင်း နိုင်ငံတွေ ကနေ စပိန် နိုင်ငံ အထိ ကုန်းလမ်း ဆက်သွယ် ပေးထားတဲ့ ကုန်သွယ်ရေး စင်္ကြန်လမ်းမကြီး ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒီ မြဝတီ-ကော့ကရိတ် လမ်းပိုင်းကြောင့် နိုင်ငံပေါင်း ၃၂ နိုင်ငံ ရဲ့ကုန်သွယ်ရေး နဲ့ ခရီးသွား လုပ်ငန်းတွေ အတွက် အကျိုးရှိမှာ ဖြစ်တယ် ဆိုပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန က အင်ဂျင်နီယာချုပ် ဦးဝင်းလွင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီလမ်းကို ထိုင်းနိုင်ငံက အကုန်အကျ ခံပြီး ထိုင်းကုမ္ပဏီ တခုက ၃ နှစ်နီးပါး တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။

မြ၀တီနဲ့ ကော့ကရိတ် အကြား အသုံး ပြုလက်စ တောင်ပေါ် ကားလမ်းဟောင်း ဟာ ပျက်စီးနေပြီး မြ၀တီ ကနေ မြန်မာ ပြည်တွင်းကို ကားတွေဟာ တရက်သွား၊ တရက်ပြန် စနစ်နဲ့ သွားလာ နေရ ပါတယ်။

အခု လမ်းအသစ် ကတော့ အာရှအဆင့် ၂ လမ်းဖြစ်ပြီး မြင့်မားတဲ့ တောင် အတက် အဆင်း မရှိ တာကြောင့် ကုန်သွယ်ရေး ကို အရှိန် တိုးမြှင့် လုပ်ဆောင် သွားနိုင်ဖို့ ထိုင်းနဲ့မြန်မာ ကုန်သည် တွေ မျှော်လင့် နေကြပါတယ်။

ဒါ့အပြင် ခိုင်မာမှု အဆင့် ကျဆင်း လာပြီ ဖြစ်တဲ့ လက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနဲ့ အတူ ယှဉ်တွဲပြီး အသုံးပြုခြင်း အားဖြင့် ကုန်ကားတွေ ဆထက်တိုး သွားလာနိုင်ဖို့ အတွက်လည်း ထိုင်းဘက်ကနေ တံတားသစ် တစင်း ဆောက်လုပ် ပေးဖို့ လည်း ရှိနေပါတယ်။

အခုလ ၃၀ ရက်နေ့မှာ မြန်မာ ဒုသမ္မတနဲ့ ထိုင်း ဒုဝန်ကြီးချုပ်တို့က မြဝတီ-ကော့ကရိတ် လမ်းသစ် ကို ဖွင့်လှစ်ပေး ပြီး တဲ့အခါ တံတားသစ် အတွက်ပါပန္နက်ရိုက် ပေးသွားမှာ ဖြစ်ပါတယ်။