အစားအသောက်ထဲက ဓာတုဆိုးဆေး အန္တရာယ်

myanmar_food
ဓာတ်ပုံ ပုံစာ, ဓာတု ဆိုးဆေး တွေ ဟာ ရေရှည် မှာ ကင်ဆာ ရောဂါ အဆင့်ထိ ရောက်သွား နိုင်။

ကျောင်း မုန့်စျေးတန်း အပါအဝင် စျေးတွေ မှာ တင်ရောင်း နေတဲ့ စားသောက်ကုန် ပစ္စည်း တွေ ကို ကျန်းမာရေး အာဏာပိုင် တွေ စစ်ဆေးရာ ကနေ ကုန် ပစ္စည်း ၂၇ မျိုး မှာ လူတွေ စားသုံးဖို့ မသင့်တော် တဲ့ ဓာတု ဆိုးဆေး တွေ သုံးစွဲ ထားတာ မျိုး တွေ တွေ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီး ဌာန က ထုတ်ပြန် ပါတယ်။

အဲဒီ့ စားသောက် ကုန် တွေ ထဲ မှာ မြန်မာ တို့ နေ့စဉ် စားသုံး လေ့ ရှိတဲ့ ပဲကြီးလှော်၊ လက်ဖက်၊ ငါးပိ နဲ့ ငရုတ်သီး အရောင်တင်မှုန့် တို့လို ပစ္စည်း တွေ ပါဝင် နေပါတယ်။

ဒီ ကုန်ပစ္စည်း တွေ မှာ ထုတ်လုပ်ရာ လုပ်ငန်း လိပ်စာ မျိုး လို အချက်အလက် တိတိကျကျ မပါဝင်ပဲ စျေးကွက်ထဲ ရောက် နေတာ ဖြစ်တယ် လို့ ကျန်းမာရေး ဝန်ကြီး ဌာန အစားအသောက် ကွပ်ကဲရေး ဌာန ညွှန်ကြားရေးမှုး ဦးထွန်းဇော်က ဘီဘီစီ ကို ပြောပါတယ်။

ဒီ ဓာတု ဆိုးဆေး တွေ ဟာ ရေရှည် မှာ အစာအိမ် နဲ့ အူလမ်းကြောင်း ကို ဒုက္ခ ပေး နိုင်ပြီး အသဲ နဲ့ ကျောက်ကပ် တွေ ကို လည်း ထိခိုက် နိုင်ကာ ကင်ဆာ ရောဂါ အဆင့်ထိ ရောက်သွား နိုင်တယ် လို့ ဦးထွန်းဇော် က ပြောပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ဆိုးဆေး တွေ ပါဝင် တဲ့ စားသောက်ကုန် အမျိုးစား တွေ ရာနဲ့ချီပြီး စျေးကွက် ထဲ မှာ ရောက် နေတယ် လို့ လည်း ဦးထွန်းဇော် က ဆိုပါတယ်။

မြန်မာ နိုင်ငံ မှာ စားသောက်ကုန် လုပ်ငန်း အပေါ် စိစစ် တဲ့ ဥပဒေ ရှိပြီး လုပ်ငန်း ပိတ်သိမ်း တာ အပါအဝင် ထောင်ဒဏ် ငွေဒဏ် အသီးသီး သတ်မှတ် ထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန ဘက် က အန္တရာယ် ရှိကြောင်း စိစစ် တွေ့ရှိ ရတဲ့ စားသောက်ကုန် အမှတ် တံဆိပ် ရဲ့ နာမည် တွေ ကို အခုလိုမျိုး ထုတ်ပြန် ကြေညာ လေ့ ရှိ ပေမယ့် ထုတ်လုပ် ဖြန့်ဖြူးသူ တွေ အပေါ် အရေးယူ ဆောင်ရွက် တာမျိုး တော့ မတွေ့ရ ပါဘူး။