ဟားခါးမှာ ကားလမ်းတွေ ပျက်စီးပြီး အဆက်အသွယ် ပြတ်လုနီးပါးဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး ချင်းပြည်နယ်မှာ တောင်ပြို မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာမှာ ပြည်နယ် မြို့တော် ဟားခါးမြို့မှာ အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။
အိမ်အလုံးလိုက် ပြိုကျ ပျက်စီးတာမျိုးတွေ ရှိခဲ့ပြီး လောလောဆယ် စာရင်းဇယားတွေအရ အိမ်အလုံး ၂၀၀ကျော်လောက် ပျက်စီး သွားတယ်လို့ ချင်းပြည်နယ် ကျေးလက် ဒုတိယ ညွှန်ကြားရေးမှူး ဦး တန်မ်အောင်က ဘီဘီစီကို ပြောပါတယ်။
ဟားခါးမြို့ဟာ ဆက်သွယ်ရေး လမ်းကြောင်းအနေနဲ့ ကားလမ်းကိုပဲ အဓိက အားထားခဲ့ရာမှာ အခု ကားလမ်းတွေ ပျက်စီးသွားတဲ့အတွက် အဆက်အသွယ်တွေ လုံးဝ ပြတ်တောက်လုနီးပါး အခြေအနေ ရောက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ လောလောဆယ် လုံလောက်နေ သေးပေမယ့် နောက်ထပ်တလလောက်သာ လမ်းပန်း အဆက်အသွယ် ဆက်ပြတ်နေမယ် ဆိုရင်တော့ ဟားခါးမှာ ရိက္ခာ လုံးဝ ပြတ်တောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဆန်စျေးတွေက တအိတ်ကို တသိန်းကျော်လို့ ပြောနေပေမယ့် ဆန်တွေကို ဘယ်သူမှ ထုတ်မရောင်းရဲကြဘူးလို့လည်း သူက ပြောပါတယ်။
ရေဘေး ဒုက္ခသည်တွေအတွက် အဓိက လိုအပ်တာက ဆန် ဖြစ်ပေမယ့် ငါးပိ၊ ငါးခြောက်၊ ဆား စတာတွေကိုလည်း လှူဒါန်းကြဖို့ကို သူက မေတ္တာ ရပ်ခံခဲ့ပါတယ်။




