ရွေးကောက်ပွဲကို ဝမှာ ဘာကြောင့် မကျင်းပပေးလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
အခုနှစ်ထဲ ကျင်းပဖို့ ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲ တွေကို ဝနဲ့ ကိုးကန့် ဒေသ တွေ မှာ နယ်မြေ အေးချမ်းမှု မရှိတဲ့ အတွက် ကျင်းပ ပေးမှာ မဟုတ်ဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က တနင်္လာနေ့ က ပြောကြား လိုက်ပါတယ်။
ကိုးကန့် ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေ ပေမယ့် ဝ နယ်မှာ က နယ်မြေ အေးချမ်းသာယာမှု ရှိတယ် လို့ UWSA ဝ အဖွဲ့ရဲ့ ပေါလစ်ဗြူရို အဖွဲ့ဝင် လည်း ဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူ လည်း ဖြစ်တဲ့ ဦးအောင်မြင့်က ပြောပါတယ်။
ဝနယ် တောင်ပိုင်းမှာ မကြာခင်က အစိုးရ တပ်နဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခ ကိစ္စ လည်း လုံးဝ ငြိမ်းအေး ပြီးစီး သွားပြီလို့ သူက ပြောပါတယ်။
ဝမှာ ကောက်ခံ ခဲ့တဲ့ သန်းခေါင် စာရင်း အရ လူ ၆ သိန်း လောက် ရှိရာမှာ မှတ်ပုံတင် ရပြီးသူက ထောင် ဂဏန်းပဲ ရှိလို့ ရွေးကောက်ပွဲ လုပ်လို့ မဖြစ်နိုင်ဘူးလို့ သူက ရှင်းပြ ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းကလည်း ဝနယ်မှာ မကျင်းပခဲ့ပါဘူး။
ခုထိလည်း ဒီနယ်မှာ နိုင်ငံရေး ပါတီ မရှိပါဘူး။
အစိုးရက ဝ နယ်မှာ မှတ်ပုံတင် လာလုပ် ပေးရင် အဖြူကတ်တွေ မပေးဘဲ အနီကတ် ထုတ်ပေးဖို့လည်း ဦးအောင်မြင့်က တောင်းဆို ပါတယ်။
ရွေးကောက်ပွဲ လုပ်ဖို့ မလုပ်ဖို့ ဆိုတာ ပြည်သူ့ လုပ်ပိုင်ခွင့် ဖြစ်ပြီး ဝ ပြည်နယ် ရပြီးရင် ဒီမိုကရေစီ အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲ သွားဖို့ ရှိတယ် လို့လည်း သူက ဆိုပါတယ်။








