ပန်ဆိုင်း ညီလာခံ တတိယနေ့မှာ ယေဘူယျအားဖြင့် အချက် ၆ချက် သဘောတူ

ကိုးကန့် ကိစ္စအကြောင်း ဒီညီလာခံမှာ သီးခြား ဆွေးနွေးတာ မရှိဘူးလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိုးကန့် ကိစ္စအကြောင်း ဒီညီလာခံမှာ သီးခြား ဆွေးနွေးတာ မရှိဘူးလို့ ဆို

ဝပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေရဲ့ မြို့တော် ပန်ဆန်းမှာ တိုင်းရင်းသား ထိပ်သီး ညီလာခံကို တတိယနေ့ အဖြစ် ကျင်းပနေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်ရေးနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ကို ဆွေးနွေး သဘောတူနိုင်ခဲ့ကြပါတယ်။

ကိုးကန့်ကိစ္စကို သီးခြား ဆွေးနွေးတာ မရှိပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူရေး မူကြမ်းကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တက်ရောက်လာတဲ့ အဖွဲ့ ၁၂ ဖွဲ့က သူတို့ရဲ့ ကိုယ်ပိုင် အမြင်တွေ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

တခါ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ MNDAA ကိုးကန့်အဖွဲ့၊ AA ရခိုင့်တပ်မတော်၊ TNLA တအာန်း တပ်ဖွဲ့ စတဲ့ လက်နက်ကိုင် အဖွဲ့ ၃ဖွဲ့နဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ အတွင်းရေးမှူးချုပ် ၁ လည်း ဖြစ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌလည်း ဖြစ်သူ ဦးပေါက်ယူချန်းတို့ သီးခြား တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ အစည်းအဝေးကို ကိုယ်တိုင် တက်ရောက် သတင်းယူနေတဲ့ ပြည်တွင်းက သတင်းထောက်တစ်ဦးက ပြောပြပါတယ်။

အစိုးရ စစ်တပ်နဲ့ အဲဒီ အဖွဲ့တွေ တိုက်ပွဲ ဖြစ်နေချိန် မတ်လ ၃၁ရက်နေ့တုန်းက NCCT အဖွဲ့ ကိုယ်စားလှယ်တွေက အစိုးရ ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ရေး သဘောတူဖို့ လက်မှတ်ရေးထိုးခဲ့တာကြောင့် NCCT အဖွဲ့ထဲကနေ သူတို့ နှုတ်ထွက်မယ်လို့ ပြောခဲ့ကြပြီး ဒါနဲ့ ပတ်သက်လို့ ဦးပေါက်ယူချန်းက သူတို့နဲ့ သီးသန့် ညှိနှိုင်း ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တတိယနေ့ ညီလာခံအပြီးမှာ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ် ရပ်စဲရေး လုပ်ရာမှာ အားလုံးအတူ လက်မှတ်ရေးထိုးရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေမှာ အတူပါဝင် ညှိနှိုင်းရေး စတဲ့ အချက်တွေ အပါအ၀င် အချက် ၆ချက်ကို ယေဘူယျအားဖြင့် သဘောတူခဲ့ကြတယ်လို့ အဲဒီသတင်းထောက်က ပြန်ပြောပြပါတယ်။

မေလ ၅ရက်နဲ့ ၆ရက်နေ့တွေမှာ အစည်းအဝေး ဆက်လက် ကျင်းပဖို့ရှိပြီး ဒီတိုင်းရင်းသား ညီလာခံ ကနေ ရလာတဲ့ ရလဒ်တွေ ကို မကြာမီ ရက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။