KIA နဲ့ အစိုးရ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေ အရေးပေါ်တွေ့

ဓာတ်ပုံ ရင်းမြစ်, thetlwinoo
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ အခုရက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကချင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ကြာသပတေးနေ့က အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ လနဲ့ချီ ရှိနေပြီ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၃ ထိန်းချုပ်ရာ နေရာ ဖြစ်တဲ့ နမ်လင်းပါ ကျေးရွာနားမှာ အစိုးရစစ်တပ်ဘက်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေဟာ ကချင်ပြည်နဲ့ ရှမ်းပြည် မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်က သစ်မှောင်ခို ခိုးထုတ်မှုတွေနဲ့ ဆက်စပ်နေကြောင်းနဲ့ သစ်မှောင်ခို သမားတွေကို အစိုးရတပ်တွေက လိုက်လံ ဖမ်းဆီးစဉ် KIA စခန်းချထားတဲ့ နေရာတွေ အရောက်မှာ တဖက်နဲ့ တဖက် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ဖြစ်လာရတာလို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ကွန်ရက်က ဦးလမိုင် ဂွမ်ဂျာက ဘီဘီစီကို ပြောပါတယ်။
တရုတ်နိုင်ငံဘက်ကို ခိုးထုတ်တဲ့ သစ်တွေဟာ စစ်ကိုင်းတိုင်းဘက်က လာတဲ့ ကျွန်းသစ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး သက်အောင် ဦးဆောင်တဲ့ အစိုးရ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့က ဒီတိုက်ခိုက်မှုတွေဟာ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးဖို့ အတွက်သာ ဖြစ်ပြီး KIA ကို ရည်ရွယ်ချက် ရှိရှိ လာတိုက်ခိုက်တာ မဟုတ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
KIAဘက်ကလည်း အစိုးရတပ်တွေဘက်က တိုက်ပွဲတွေ ရပ်ပေးမယ် ဆိုရင် သူတို့ဘက်ကလည်း ဆက်တိုက်မှာ မဟုတ်ဘူးလို့ ပြောသွားကြောင်း ဦးလမိုင် ဂွမ်ဂျာက ပြောပါတယ်။
တိုက်ပွဲတွေ ထပ်မဖြစ်ပွားရေး အတွက် KIA နဲ့ အစိုးရ အဖွဲ့အကြား ဆက်လက် ညှိနှိုင်းသွားဖို့ ရှိနေပြီး လစဉ် တွေ့ဆုံနေကျ နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေကတော့ လာမယ့် ဇွန်လလယ်လောက်မှာ ထပ်မံ တွေ့ဆုံမယ်လို့ သိရပါတယ်။




