နေပြည်တော် ၄၈ ပွင့် ဆွေးနွေးပွဲ

၆ ပွင့်ဆိုင် အတွက် ကြိုတင် ဆွေးနွေးတာလို့ သမ္မတ က ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၆ ပွင့်ဆိုင် အတွက် ကြိုတင် ဆွေးနွေးတာလို့ သမ္မတ က ပြောပါတယ်

သမ္မတ အိမ်တော် ငုရွှေဝါ ခန်းမမှာ ပြုလုပ် ခဲ့တဲ့ ၄၈ ပွင့် ဆွေးနွေး ပွဲမှာ ငြိမ်းချမ်း ရေးနဲ့ အပစ်ရပ်ရေး မူကြမ်း လက်မှတ် ရေးထိုး ခဲ့တဲ့ ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနဲ့ အသွင် ကူးပြောင်းရေး လုပ်ငန်း စဉ် ချောမွေ့ရေး၊ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံ တည်ငြိမ် ရေး စတာ တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ၂ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင် တွေ စုစု ပေါင်း ၄၄ ဦး တွေ့ဆုံ ခဲ့ကြ ပါတယ်။

ဒီဆွေးနွေး ပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီး လွန်နေလို့ တက်ရောက် ခဲ့ခြင်း မရှိ သလို ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တခြား တိုင်းရင်းသား ခေါင်းဆောင် ၂ ဦးတို့လည်း တက်ရောက် နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

သောကြာနေ့ ၆ ပွင့်ဆိုင် ဆွေးနွေး ပွဲ လုပ်မှာကိုလည်း သမ္မတက ကတိ ပေးသွားပြီး၊ အဲဒီမှာက အခြေခံ ဥပဒေ ပြင်ဆင်ရေး အဓိက ဆွေးနွေး မှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲ ကိုယ်တိုင် တက်ရောက် ခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရခိုင် တိုင်းရင်းသား ရေးရာနဲ့ အလုပ် သမား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဘီဘီစီ ကိုပြော ပါတယ်။