ပညာရေး ဥပဒေမူကြမ်း လွှတ်တော်မှာ စတင် ကြားနာပြီ

၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ကနေ သဘောတူ ထားတဲ့ အမျိုးသား ပညာရေး ဥပဒေ မူကြမ်း အတည်ပြု နိုင်ရေး အတွက် ကြာသပတေး နေ့က အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ စတင် ကြားနား ဖို့ ဆောင်ရွက်ခဲ့ ပါတယ်။
ဒါပေမယ့် လက်ပံတန်း မှာ ပိတ်မိ နေတဲ့ ပင်မ သပိတ် ကျောင်းသား ခေါင်းဆောင် တွေက တော့ မသွား ခဲ့ကြဘဲ၊ တခြား တကသ နဲ့ မြေလတ် ဗကသ ကျောင်းသားတွေ ပဲ သွားရောက်ခဲ့ ပါတယ်။
လွှတ်တော်ကို သွား ခဲ့တဲ့ ကျောင်းသားတွေ ကတော့ လက်ပံတန်းက ကျောင်းသား တွေကို ရန်ကုန်ကို ပေး မသွားဘဲ၊ ပိတ်ထားတဲ့ အတွက် ကြားနား မှုကို မလုပ်ခဲ့ ပါ။
နောက်ပိုင်း လက်ပံတန်း အခြေ အနေ တွေ ပြေလည်မှ ကြားနားပွဲ လုပ်ဖို့ ဥပဒေ ကြမ်းကော်မတီ ကို ရက်ချိန်း ထပ်တောင်း မယ်လို့ ပြောပါတယ်။
ဘယ်လို ကြားနားကြမှာလဲ

ဒီကြားနားပွဲကို ရက်ပေါင်း ၈ ရက် သတ်မှတ် ထားပြီး၊ အစု အဖွဲ့ ၆ ခု က ဝင်ရောက် ဆွေးနွေး အကြံပြု တာတွေ လုပ်လို့ ရမှာ ဖြစ် သလို၊ ကြားနားတဲ့ အချိန်မှာ တိုက်ရိုက် သတင်း ယူခွင့်၊ ထုတ်ပြန် ခွင့် ရှိတယ်လို့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ဘီဘီစီကို ပြောပါတယ်။
စတင်တဲ့ ကြာသပတေး နေ့ကတော့ ကျောင်းသား ကိုယ်စားလှယ်တွေ နဲ့ ကြားနား ဖို့ဖြစ် ပါတယ်။
အဲဒီ နောက်ပိုင်း ရက်တွေ မှာတော့ တရားဝင် နိုင်ငံရေး ပါတီတွေ၊ ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ပညာရေး ကွန်ရက် NNER၊ ပညာရေး သပိတ်မှောက် ကျောင်းသား တွေကို ထောက်ခံ သူများ၊ ပညာရေး နဲ့ သက်ဆိုင်တဲ့ CSO တွေနဲ့ အကြံ ပြုချက်များ တင်ပြထားတဲ့ အများပြည်သူတွေ ဆိုပြီး အစု အဖွဲ့ ၆ ခုနဲ့ ကြားနာမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုလောလော ဆယ် NNER က ကြားနားပွဲ ကို မတက်ရောက်ဘူး လို့ ပြောထားတာကြောင့် ပြုပြင်ရေး အတွက် အဓိကကျတဲ့ ကျောင်းသားနဲ့ NNER မပါ ပေမယ့်လည်း ကြားနား မှုကို ဆက်လုပ် ရမှာ ဖြစ်တယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
ဒီအတွက် ပညာရေး မူကြမ်းကို ပြင်ဆင် ဖြည့်စွက် နိုင်တဲ့ အခြေ အနေတွေ ရှိပေမယ်လို့၊ ကျောင်းသားတွေ တောင်းဆို ခဲ့တဲ့ အခြေခံ အချက် ၇ ချက် ကိုတော့ အတည်ပြု နိုင်လိမ့် မယ်လို့ မျော်လင့် ကြောင်း သူက ပြောကြား ပါတယ်။
ဒီဥပဒေ ကြမ်းကို အမျိုးသား လွှတ်တော် မှာ အတည်ပြု ပြီးရင်၊ ပြည်သူ့ လွှတ်တော် မှာလည်း အလားတူ လုပ်ငန်း စဉ်တွေ အတိုင်း ဆက်သွား ရမှာ ဖြစ်လို့ ဘယ် အချိန် အတည် ဖြစ်လာ မယ် ဆိုတာ ကတော့ မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။








