သပိတ်မှောက်ကျောင်းသားတွေ ပိတ်ဆို့ခံထားရ

Students protests
ဓာတ်ပုံ ပုံစာ, နေပူထဲမှာ ဆန္ဒပြနေတဲ့အထဲ သံဃာတော်တွေလည်း ပါဝင်

လက်ပံတန်းမှာ ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေးအတွက် ချီတက်တောင်းဆိုနေတဲ့ ကျောင်းသားတွေကို သူတို့ စုဝေးနေတဲ့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်း အပြင်က ရဲတွေက ဝိုင်းပိတ်ထားပြီး မီးထွန်းဖို့ အသံချဲ့စက်ဖွင့်ဖို့အတွက် ဓါတ်ဆီနဲ့ ဒီဇယ်ကို သွင်းခွင့်မပေးတော့သလို လူအဝင်အထွက်လည်း ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

လက်ပံတန်းနဲ့ သာယာဝတီက ဒေသခံတွေကိုလည်း ရဲတပ်ဖွဲ့က ကားတွေနဲ့ ပိတ်ထားပြီး ကျောင်းသားတွေရှိရာကို လာမရအောင် လုပ်ထားလို့ ဒေသခံတွေကလည်း အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

နေပူပြင်းပြင်းထဲမှာ ထိုင်ပြီး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေထဲက ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦးတို့လည်း နေ့လယ်ပိုင်းက မူးလဲ သွားခဲ့ပါတယ်။

ည ၇ နာရီလောက်မှာတော့ လက်ပံတန်းဒေသခံ ဆရာတော် သံဃာတော်တွေ ရောက်လာပြီး ကျောင်းသားတွေကို လူစုခွဲကြဖို့ အိမ်ပြန်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

လက်ပံတောင်း နယ်မြေခံ ရဲမှူးကြီးက ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲတာတွေ မလုပ်ပါဘူးဆိုတဲ့ အကြောင်း မီဒီယာတွေကို ပြောထားပါတယ်။

အချိန်ဆွဲနည်းဗျူဟာ သုံးနေ

Students protests
ဓာတ်ပုံ ပုံစာ, အပြင်က ရဲတွေက ဝိုင်းရံ ပိတ်ဆို့ထား

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲရင့်ကျော်က အစိုးရတာဝန်ရှိသူတွေဟာ သူတို့ နိုင်ငံရေးသိက္ခာကို ငဲ့ပြီး အကြမ်းဖက် ဖြိုခွဲတာ မလုပ်ပဲ ကျောင်းသားတွေကို ပြည်သူက အထင်လွဲ စိတ်ပျက်လာအောင် အချိန်ဆွဲ ပိတ်ဆို့ထားတဲ့ နည်းဗျူဟာမျိုး ကျင့်သုံးနေတယ်လို့ ပြောပါတယ်။

အခုလို ဆက်ပိတ်ဆို့ထားရင် လွှတ်တော်မှာ လုပ်မယ့် အမျိုးသားပညာရေး ဥပဒေဆွေးနွေးပွဲကို ကျောင်းသားခေါင်းဆောင်တွေ သွားတက်ဖို့ မဖြစ်နိုင်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။