လောက်ကိုင် ဒေသ စစ်ရှောင် သူများ ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသ မော်ထိုက် မြို့နယ် ကျေးရွာတွေ ကနေ ဆရာ ဆရာမ ၁၇ ဦးဟာ ဆုံကန် ကျေးရွာမှာ ရောက်ရှိ နေပြီး အဲဒီ မှာ ဘယ်မှ သွားလို့ မရဘဲ ပိတ်မိနေ ကြပါတယ်။
ပုံမှန် ပြေးဆွဲ နေတဲ့ လိုင်းကားတွေ မရှိ တော့တဲ့ အတွက် ဘယ်မှ သွားလို့ မရဘဲ ဖြစ်နေပြီး စိုးရိမ် ထိတ်လန့် နေတယ်လို့ အဲဒီမှာ ပိတ်မိ နေတဲ့ ဆရာမ မဝင်းဝင်းမော် က ဘီဘီစီကို ပြောပါတယ်။
ရွာသား တွေလည်း ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြ ပြီ ဖြစ်ပြီး၊ ရွာမှာ လူ အနည်းငယ် သာ ကျန်ရှိ တယ်လို့ ဆရာမ က ပြောပါတယ်။ စစ်တပ်လည်း ရောက်ရှိ နေပြီး အဲဒီ နေရာ တဝိုက် မှာတော့ တိုက်ခိုက် မှုတွေ မရှိဘူး လို့ ဆိုပါတယ်။
တခါ ဘေးလွတ်ရာ ကို ရွှေ့ပြောင်း ဖို့ တာရွှေထန် ကျေးရွာ ကနေ လားရှိုးကို အသွား လောက်ကိုင် လမ်းမှာတော့ တနင်္ဂနွေ နေ့က ကား တိမ်းမှောက် ခဲ့တဲ့ အတွက် ဆရာမ ၃ ဦး အပါ အဝင် လူ ၉ ယောက် သေဆုံး ခဲ့ပါတယ်။
လားရှိုးမြို့ အထက ၁ ကျောင်းမှာတော့ ဒုက္ခသည် တွေ အတွက် စခန်းဖွင့် ထားပြီး အကူအညီ ပေးနေ တယ်လို့လည်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းမြတ် က ပြောပါတယ်။
တိုက်ပွဲ အခြေ အနေ ကတော့ လောက်ကိုင် ဘက်ကို စစ်ကူ သွားတဲ့ အစိုးရ စစ် ယာဉ်တန်း ဟာ တနင်္ဂနွေ နေ့တုန်းက ကျောက်မဲ နဲ့ သီပေါမြို့ အကြားမှာ ခြုံခို တိုက်ခံရလို့ စစ်တပ်က တစ်ဦး ကျဆုံး သွားပါတယ်။
နေပြည်တော် ပြည်ထောင်စု လွှတ်တော် မှာတော့ ဒီလောက်ကိုင် အရေး နဲ့ ပတ်သက်ပြီး တနင်္လာနေ့က အရေးကြီး အဆို တခု တင်သွင်းခဲ့ ကြောင်း သိရပါတယ်။
အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ကိုးကန့် ဒေသ အတွင်း ကိုးကန့် လက်နက်ကိုင် အဖွဲ့နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှု တွေကြောင့် ဒေသခံ တွေရဲ့ အသက် အိုးအိမ် နဲ့ ဒေသ လုံခြုံ အေးချမ်း ရေးကို ထိခိုက် စေခဲ့တဲ့ အတွက် တပ်မတော်က နယ်မြေ ရှင်းလင်း မှုတွေ ပြုလုပ် နေတယ်လို့ ဖော်ပြ ထားပါ တယ်။








