ကချင်အဖွဲ့တွေ နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ ကို လာရောက်လေ့လာနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ်မလန်နော်စကီး ဟာ မြစ်ကြီးနားမြို့မှာ ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော်လောက် ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေ တက်ရောက်ကြမှာ ဖြစ်ပြီးကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ လယ်သမားတွေ မြေသိမ်းခံရမှု၊ ဘာသာရေးလွတ်လပ်ခွင့် အနေအထား၊ ဖားကန့်ကျောက်မိုင်းမှာ ကုမ္ပဏီတွေရဲ့ဒေသခံတွေ အပေါ်ကျူးလွန်နေတဲ့ မတရားမှုတွေ ကို တင်ပြသွားမယ် လို့ ကချင်အဖွဲ့တွေ ရဲ့ ကိုယ်စားလှယ် တယောက် ဖြစ်တဲ့
Humanity Institution က ကိုမုံဂျန် က ဘီဘီစီ ကို ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ရဲ့ မြန်မာခရီးစဉ် နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ ကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးအဖြေရှာရေး Human Rights Dialogue အတွက် မစ္စတာ တွမ်မလန်နော်စကီး မြန်မာပြည် ကို ရောက်ရှိနေတာပါ။




