မြန်မာ့နိုင်ငံရေးအကျဉ်းသား ပြဿနာဖြေရှင်းဖို့လို

ဓာတ်ပုံ ရင်းမြစ်,
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ရှိနေဆဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဆိုရင် နိုင်ငံရေး အကျဉ်းသား နဲ့ ပတ်သက်လို့ အစိုးရ ဘက်က ကိုင်တွယ်မှု၊ ပြဿနာ ဖြေရှင်းမှု နည်းပါးတာ ကို တွေ့ရတဲ့ အကြောင်း မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ဘီဘီစီ ကို ပြောပါတယ်။
အဲဒီ အတွက် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်စေဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ က ပြည်တွင်းမှာ အေအေပီပီ နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့တို့ ပူးပေါင်းပြီး လှုပ်ရှားမှု တရပ် စတင်ခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရဲ့ လက်ဝါးပြင်မှာ ကျန်နေဆဲ နိုင်ငံရေး အကျဉ်းသား တွေရဲ့ နာမည် ရေးထိုး တောင်းဆိုတာ ဖြစ်ပါတယ်။ အရင် က ဒီတောင်းဆို လှုပ်ရှားမှု ကို ပြည်ပ မှာ လုပ်ခဲ့တာပါ။
၂၀၁၅ မှာ နိုင်ငံရေး အကျဉ်းသား ပြဿနာ ပိုများလာတဲ့ အတွက် အစိုးရ အနေနဲ့ရော၊ ပြည်တွင်း နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ အနေနဲ့ ဒီ ပြဿနာ ကို ဖြေရှင်းရမယ် ဆိုတဲ့ အသိမျိုးရှိစေချင်ပုံ ကို ကိုဘိုကြည် က ပြောပါတယ်။
လက်ရှိစါရင်း အရ နိုင်ငံရေး အကျဉ်းသား ၁၅၉ ယောက် ထဲမှာ မီဒီယာ သမား၊ လယ်သမား၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ ပါဝင်ကြောင်း၊ အမှုရင်ဆိုင် နေရဆဲ က ၂၀၃ ယောက်ရှိကြောင်း၊ ဒီအထဲမှာ လယ်သမားတွေ အများအပြား ပါဝင်ကြောင်း ကိုဘိုကြည် က ရှင်းပြပါတယ်။




