တိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည်တွေဆီ အထောက်အပံ့ မပို့နိုင်

ကချင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ အထောက်အပံ့တွေ ပြတ်လပ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ကချင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ အထောက်အပံ့တွေ ပြတ်လပ်

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် အဲဒီမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ ကုလသမဂ္ဂ အဖွဲ့က ကယ်ဆယ်ရေး အကူအညီတွေ မပေးပို့နိုင်ပဲ ဖြစ်နေရတယ်လို့ OCHA လူသားချင်းကူညီစောင့်ရှောက်မှုရေးရာ ညှိနှိုင်းဆောင်ရွက်ပေးရေး ကုလသမဂ္ဂရုံးက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည် ၃သောင်းလောက်အတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေကို ကားတန်းကြီးတွေနဲ့ လစဉ်နီးပါး ပို့ဆောင်ပေးနေတာ တနှစ်ကျော်လောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အစိုးရထိန်းချုပ်မှုနယ်မြေ ပြင်ပ ဧရိယာတွေထဲ ထောက်ပံ့ရေးကားတွေ ဖြတ်သန်းခွင့်မရခဲ့ကြောင်း၊ လုံခြုံရေး အခြေအနေကြောင့်တကြောင်း၊ အစိုးရရဲ့ ခွင့်ပြုချက်ရဖို့ အဆင့်ဆင့် တောင်းနေရတဲ့အတွက်ကြောင့်တကြောင်း ဒုက္ခသည်တွေဆီ အထောက်အပံ့တွေ မပို့ပေးနိုင်ပဲ ဖြစ်နေရတယ်လို့ OCHA ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။