အမျိုးသမီးတွေဟာ လူကုန်ကူးမှုမှာ အဓိက ပစ်မှတ်ထားခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
၂ဝ၁ဝ နဲ့ ၂ဝ၁၁ ခုနှစ် က စာရင်းဇယား တွေ အရ မြန်မာနိုင်ငံ ကနေ လူကုန်ကူး ခံရသူ တဝက် ကျော်လောက်ဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး အဓမ္မ လက်ထပ်ခိုင်းတာ ခံကြရတယ် လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNODC က ထုတ်ပြန်တဲ့ ၂၀၁၄ လူကုန်ကူးမှု အစီရင်ခံစာ ထဲမှာ ဖေါ်ပြ ထားပါတယ်။
မြန်မာပြည် ကနေ လူကုန်ကူး ခံရသူ ၇၅ ရာခိုင်နှုန်း ဟာ တရုတ်ပြည် ကို ပို့ခံ ရတာမျိုး၊ ပြည့်တန်ဆာ လုပ်ငန်းလို အလုပ် တွေမှာ ရောင်းစား ခံရတာမျိုးနဲ့၊ ထိုင်းနဲ့ မလေးရှားလို နိုင်ငံတွေက တခြား အလုပ်ရုံ တွေမှာ ရောင်းစား ခံရတာ တွေလည်း ရှိတယ် လို့ UNODC က ဆိုပါတယ်။
ဒီလို အမျိုးသမီးနဲ့ ကလေးငယ်တွေ ပစ်မှတ်ထား ခံနေရတာကို ကာကွယ်ဖို့ မြန်မာ အစိုးရ နဲ့ UNODC တို့ မကြာခင်က စီမံကိန်း တခု သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့တယ် လို့ UNODC ရဲ့ အရှေ့တောင် အာရှ ပစ္စဖိတ် ဒေသ ကလေး ရာဇ၀တ်မှုခင်း စီမံချက် တာဝန်ခံ Margaret Akullo က ပြောပါတယ်။
ကလေးသူငယ် လူကုန်ကူး ခံရမှုမှာလည်း ၂ဝ၁ဝ နဲ့ ၂ဝ၁၁ ၂ နှစ် အတွင်း မြန်မာ နိုင်ငံမှာ လူကုန်ကူးမှု ၆ဝဝ ကျော် အနက် ကလေး ၁၆၃ ယောက် လူကုန်ကူး ခံရပြီး၊ ဒီထဲမှာ မိန်းကလေး တွေက ယောက်ျားလေး တွေထက် ၃ ဆ ပိုပြီး လူကုန်ကူး ခံနေရတယ် လို့ သိရပါတယ်။
လောလောဆယ်မှာ ပြည်တွင်း လူကုန်ကူး တာတွေပဲ ရှိသေးပေမယ့် နောက် ၂ဝ၁၅ အာဆီယံ ဒေသတွင်း စီးပွားရေး ကုန်သွယ်မှု ဇုံလိုမျိုး ထူထောင် လာချိန်မှာ ကလေးသူငယ် တွေကို ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ကာမဂုဏ် စျေးကွက် တွေမှာ အသုံးချဖို့ ရောင်းဝယ် ကုန်ကူ တာမျိုး တွေနဲ့ တခြား နိုင်ငံတွေမှာ ရောင်းစား တာတွေ ဖြစ်လာမှာ စိုးလို့ ကြိုတင် ကာကွယ် တားဆီးဖို့ လိုတယ် လို့ မစ္စ Akullo က ပြောပါတယ်။
ဒီအစီရင်ခံစာ ပြုစုရာမှာ အစိုးရ ကိန်းဂဏန်း တွေကို အဓိက အခြေခံတာ ဖြစ်ပေမယ့် တခြား လူမှု အဖွဲ့အစည်း တွေနဲ့ မေးမြန်း လေ့လာပြီး ပြုစု တာ လို့လည်း သိရပါတယ်။




