အစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA တွေ့မယ်။

လောလောဆယ်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ထိန်းထား တယ်လို့ SSPP/SSA ဘက်ကပြော

ဓာတ်ပုံ ရင်းမြစ်, no credits

ဓာတ်ပုံ ပုံစာ, လောလောဆယ်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ထိန်းထား တယ်လို့ SSPP/SSA ဘက်ကပြော

အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် မှု ကော်မတီတို့ အောက်တိုဘာ လကုန်မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။

အခုလို နှစ်ဘက် တွေ့ဆုံဖို့ SSPP/SSA ဘက်က တောင်းဆိုခဲ့တာပါ။

ဒီတွေ့ဆုံမှုဟာ အစိုးရတပ်တွေနဲ့ SSPP/SSA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားအပြီး ဒုတိယ အကြိမ်မြောက် တွေ့ဆုံတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းလောက်က ရှမ်းပြည်တောင်ပိုင်း SSA ဌာနချုပ် ဝမ်ဟိုင်း အနီး တာဖာဆောင် တပ်စခန်း အပါအဝင် နေရာ ၅ နေရာမှာ နှစ်ဘက်အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားအပြီး အောက်တိုဘာလ ၁၈ရက်နေ့က လားရှိုးမြို့မှာ နှစ်ဘက် တွေ့ဆုံခဲ့စဉ်တုန်းက အစိုးရက တောင်းဆိုထားတဲ့ တပ်နေရာ ချထားရေးနဲ့ ပတ်သက်တဲ့ အချက် ၄ချက်နဲ့ ပတ်သက်လို့ အခု တခေါက်မှာ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

SSPP/SSAဟာ အစိုးရနဲ့ ၂၀၁၂ ခုနှစ်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။