ထိုင်းလူသတ်မှု တရားရုံး ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty
ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေ သတ်ခဲ့ တယ်လို့ ထိုင်းရဲက စွပ်စွဲ ပြီး တရားရုံး တင်လိုက်တဲ့ ကိစ္စကို တရားရုံး ရှေ့နေ တွေက ပယ်ချလိုက် ပါတယ်။
ဒီအမှုမှာ တရားစွဲဖို့ အထိ လုံလောက်တဲ့ အချက် အလက် မပြည့် စုံဘူးလို့ တရားရုံး ရှေ့နေတွေ ပြောတာကို ထိုင်း မီဒီယာ တွေမှာ ဖေါ်ပြ ကြောင်း မြန်မာ အလုပ် သမားတွေ အတွက် ဥပဒေကြောင်း အရ အကူ အညီပေး နိုင်ဖို့ မြန်မာ သံရုံး က တာဝန် ပေးထားတဲ့ အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
ရဲက တင်တဲ့ အချက် အလက်တွေ ထဲက လုံခြုံရေး တီဗီ ဖြစ်တဲ့ CCTV ပုံတွေမှာ ရုပ်ပုံ ၂၀ လောက် ပြတ်နေပြီး၊ DNA စစ်ဆေး မှုတွေ ဟာလည်း နည်းလမ်း မကျ တဲ့ အတွက် ဒီအမှုကို ရဲကို ပြန်ချပေး လိုက်တာ လို့ ဆိုပါတယ်။
စွပ်စွဲခံ မြန်မာ ၂ ဦး ကိုတော့ ရမန်ယူ ထားတဲ့ အတွက် အဲဒီ အတော် အတွင်း ရဲ က ချုပ်ထား ခွင့် ရှိတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
နောက်ပြီး ဒီရမန် ယူထား ချိန်မှာ ရဲဘက်က အချက် အလက် တွေကို ပြန်စု ဆောင်းပြီး တရား ရုံးကို တင်ခွင့် ရှိတဲ့ အတွက် ရဲကနေ ပြန်ပြီး ဖြစ်အောင် တင်မှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ဗြိတိန် ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာသံရုံး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ ခု လာမယ့် ရက်ပိုင်း ဆွေးနွေး မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ထိပ်တန်း မှုခင်း ဆေးပညာရှင် တဦး ကလည်း ထိုင်းရဲတွေရဲ့ မှုခင်း စစ်ဆေးပုံနဲ့ ပတ်သက်ပြီး ဝေဖန်လိုက် ပါတယ်။




