မြန်မာ သမ္မတ ဦးသိန်းစိန် ဘေဂျင်းသွား

ဓာတ်ပုံ ရင်းမြစ်,
မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ တရုတ်သမ္မတ ရှီကျင့်ပင်းရဲ့ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံ ကို ဇွန်လ ၂၇ ရက်နေ့ ကနေ ၃ဝ ထိ တရားဝင် ချစ်ကြည်ရေး ခရီးသွား နေပါတယ်။
သမ္မတ ဦးသိန်းစိန် ဟာ ဘေဂျင်း မြို့မှာ ကျင်းပ မယ့် မြန်မာ - တရုတ် - အိန္ဒိယ တို့ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ် နှစ် ၆ဝ ပြည့် အခမ်းအနား ကို အိန္ဒိယ ဒုတိယ သမ္မတ အန်ဆာရီ နဲ့ အတူ တက်ရောက် မှာ ဖြစ်ပါတယ်။
မြန်မာ ဝန်ကြီးချုပ် ဦးနု၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း တို့ ချမှတ် ခဲ့တဲ့ မူကြီး ၅ ချက် ဟာ ဘက်မလိုက် နိုင်ငံများ အုပ်စုလို့ နိုင်ငံရေး အုပ်စုကြီး တခု ကမ္ဘာ့ စင်မြင့် မှာ ပေါ်ထွက် လာစေတဲ့ အထိ ထင်ရှား ခဲ့ပါတယ်။
ဒါပေမဲ့ တနိုင်ငံ အချုပ်အခြာ အာဏာကို တနိုင်ငံက မစွက်ဖက်ရေး စတဲ့ မူကြီး ၅ ချက်ကို တရုတ် မြန်မာ ၂ နိုင်ငံ တကယ်တမ်း မလိုက်နာ နိုင်ခဲ့ကြဘဲ ၂ နိုင်ငံ အဖုအထစ် တွေ ရှိခဲ့တဲ့ ကာလတွေ ရှိခဲ့တယ် လို့ နိုင်ငံရေး သုတေသီ စာရေးဆရာ ကျော်ဝင်းက ပြော ပါတယ်။
မူကြီး ၅ ချက် ချမှတ်ခဲ့ပြီးစ ကာလ တုန်းက ၂ နိုင်ငံ ဆက်ဆံရေး အတော် ချောမွေ ခဲ့ပြီး တရုတ် ဗမာ အရေးအခင်း နောက်ပိုင်း အတော် ဆိုးရွား ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၈၈ အရေးအခင်း နောက်ပိုင်း နိုင်ငံတကာ အခြေအနေ အရ မြန်မာ အစိုးရ နဲ့ တရုတ် ပိုနီးစပ် သွားပြီး ခုတော့ မြန်မာက တရုတ် စက်ဝန်း ထဲက ရုန်းထွက်စ လက္ခဏာ တွေ တွေ့ရတယ် လို့ ဦးကျော်ဝင်းက ပြော ပါတယ်။
မြန်မာဟာ တရုတ် အန္တရာယ် ကို သိပေမယ့် လက်တွေ့ အနေအထား အရ ညှိထိန်း ဆက်ဆံတဲ့ မူချမှတ် ထားတာမို့ မူကြီး ၅ ချက်ကို လက်လွှတ် လို့ မရဘူးလို့ ပြောပါတယ်။




