တရုတ် မြန်မာ အရေး လန်ဒန်မှာ ဆွေးနွေး

လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ပညာရပ်များကျောင်းမှာ တရုတ် မြန်မာ ဆက်ဆံရေး ကို ဘာသာရပ် ပေါင်းစုံက လေ့လာ စာတမ်းဖတ်ပွဲတခု သောကြာနေ့က ကျင်းပ ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ တရုတ် မြန်မာ ဆက်ဆံရေး ကို တူရိယာ ဂီတ၊ စာပေ လို ပညာတွေကနေ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး ဗေဒ နယ်ပယ်တွေထိ အကျယ်ဖြန့် တင်ပြ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်ပေါင်း ထောင်ချီ ကြာမြင့်နေပြီ ဖြစ်တဲ့ ၂ နိုင်ငံ ဆက်ဆံရေး မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိ နေချိန်မှာ ဒီလို ဆွေးနွေး ဖလှယ်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံစုံက ပညာရှင်တွေ တက်ရောက် ခဲ့ကြ ပါတယ်။
တရုတ် မြန်မာ ၂ နိုင်ငံ အစိုးရ ဆက်ဆံရေးကို ပုံစံ မျိုးစုံက လေ့လာ တာ၊ ၂ နိုင်ငံ ဆက်ဆံရေး ပြောင်းလဲမှု တွေကို အင်အားကြီး နိုင်ငံ တွေရဲ့ ပထဝီ နိုင်ငံရေး ယှဉ်ပြိုင်မှု က လေ့လာတာ စသဖြင့် အာရှ ပစိဖိတ် ဒေသကြီးမှာ တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေ၊ တရုတ်နဲ့ အမေရိကန် စတဲ့ အင်အား ပြိုင်ဆိုင်မှုတွေ နဲ့ တရုတ် မြန်မာ ဆက်ဆံရေး ပြောင်းလဲလာပုံ တွေကို ချိန်ထိုး ဆွေးနွေး သွားခဲ့ ကြပါတယ်။
ဒီဆွေးနွေးပွဲကို တက်လာတဲ့ Bedfordshire တက္ကသိုလ်က ဘဏ္ဍာရေးနဲ့ စာရင်းစစ် ပညာ ကထိက ဒေါက်တာ စန္ဒာဝင်း ကတော့ တရုတ် မြန်မာ ၂ နိုင်ငံ စီးပွား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားကြတဲ့ အကြောင်း ပြောပြ ပါတယ်။
ဒီဆွေးနွေးပွဲမှာ အထူး စိတ်ဝင်စား ကြတဲ့ ကိစ္စတွေ ကတော့ ဝ နယ်မြေ ကိစ္စ၊ နယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တွေ အရေးနဲ့ မူးယစ်ဆေးဝါး၊ တရုတ်ရဲ့ မြန်မာ အပေါ် စီးပွားရေး ရင်းနှီး မြှုပ်နှံမှု တွေနဲ့ ဒေသခံ တွေနဲ့ ဆက်ဆံရေး စတဲ့ ကိစ္စတွေပဲ ဖြစ်ကြ ပါတယ်။




