သမ္မတ ဦးသိန်းစိန် တရုတ်ပြည် သွားမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်တစ်ခု သွားရောက်မှာ ဖြစ်ပါတယ်။
သမ္မတရာထူးတာဝန် ရယူခါစက သွားရောက်ခဲ့တဲ့ ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခရီးစဉ် ပြီးကတည်းက အခုတစ်ကြိမ်ဟာ ဒုတိယမြောက် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သလို တရုတ်နိုင်ငံ သမ္မတ ရှိကျင်ပင်း တာဝန်ယူပြီးနောက်မှာ ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ် ဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်ကို အတိအကျ မထုတ်ပြန်နိုင်ပေမယ့် နှစ်နိုင်ငံကြားမှာ ရှိပြီးဖြစ်တဲ့ မဟာဗျုဟာ လုပ်ဖော်ကိုင်ဖက်အဆင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
ဒီဆက်ဆံရေး ပေါ်လစီအောက်မှာ ချမှတ်ထားတဲ့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ဆွေးနွေးသွားဖို့လဲ ရှိတဲ့အပြင် အောက်ခြေအဆင့်တွေမှာ ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကိုလဲ ခေါင်းဆောင်တွေကြားမှာ အတည်ပြုနိုင်မယ်လို့ ဦးရဲထွဋ်က ဆက်ပြောပါတယ်။




