သံဃာတွေကို အာမခံပေးပြီး သင်္ကန်းပြန်စီးပေး

သန္တိသုခ ကျောင်းကိစ္စ နဲ့ အင်းစိန်ထောင် မှာ ဖမ်းဆီးခံထားရတဲ့ လန်ဒန် သာသနာ့ရံသီ ကျောင်း ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ပါး ကို ဒီကနေ့ သောကြာနေ့ ဇွန်လ ၂၀ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် အာမခံနဲ့ လွှတ်ပေးခဲ့ပြီး သင်္ကန်း ပြန်စီးပေးခဲ့ပါတယ်။
လူဝတ်လဲ ခံထားရတဲ့ သံဃာတော်တွေဟာ မဟာသန္တိသုခ ကျောင်း အနီးမှာရှိတဲ့ သုံးထပ်ကျောင်းဆောင်မှာ သင်္ကန်းပြန်စီးခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
အာမခံအဖြစ် သံဃာတစ်ပါးကို အာမခံကြေး ကျပ် သိန်း ၂၀၀ နဲ့ ၅ ပါးအတွက် ကျပ် သိန်း ၁၀၀၀ ပေးရတယ်လို့ သံဃာတော် ငါးပါးရဲ့ ရှေ့နေဖြစ်တဲ့ ဦးနေလက ပြောပါတယ်။
ဒါ့အပြင် သံဃာတစ်ပါးကို လူပုဂ္ဂိုလ် ၂ ဦးက အာမခံပေးရတာ ဖြစ်ပြီး အဲဒီ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ သာသနာရေး ဌာနက တာဝန်ရှိသူတွေ ရောက်လာပြီး ဖမ်းဆီးခံ သံဃာတွေနဲ့ ညှိနှိုင်းခဲ့အပြီးမှာ ခုလို သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
အမှုအတွက် ဒုတိယအကြိမ် တရားရင်ဆိုင်ရမယ့် ရုံးချိန်းက ဇွန်လ ၂၇ ရက်နေ့မှာ ဖြစ်ပြီး အဲဒီအခါ သင်္ကန်းဝတ်နဲ့ ဆက်လက် တရားရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။




