ဝမ်ပေါင် တရုတ်ဝန်ထမ်းတွေ ပြန်လွတ်လာ

ဓာတ်ပုံ ရင်းမြစ်, AP
လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ပါတဲ့ ဆည်တည်း ရွာမှာ တိုင်လာစိုက်လို့ ရွာသားတွေက ဖမ်းဆီး ထားခဲ့တဲ့ ဝမ်ပေါင် ကုမ္ပဏီက တရုတ် နိုင်ငံသား ဝန်ထမ်းနှစ် ယောက်ကို မေလ ၁၉ ရက်နေ့ ညပိုင်းက ပြန်လွှတ် ပေးလိုက်ပြီဖြစ်ပါတယ်။
ဒေသခံတွေနဲ့ လက်ပံတောင်း စီမံကိန်း တာဝန် ရှိသူတွေ ညှိနှိုင်း ခဲ့ကြ ပြီးတဲ့နောက် ရွာသားတွေ ဘက်က တောင်းဆိုတဲ့ အချက်တွေကို လိုက်လျော ခဲ့လို့ ပြန်လွှတ် ပေးလိုက်တာ ဖြစ်ကြောင်း ညှိနှိုင်းရာမှာ ပါဝင်တဲ့ ဆည်တည်း ရွာသူ မဝင်းဝင်းဌေးက ပြောပါတယ်။
လိုက်လျောမယ် ဆိုတဲ့ အချက်တွေ ကတော့ လျော်ကြေး မယူရ သေးတဲ့ မြေတွေပေါ်မှာ ခြံစည်းရိုးထပ်မခတ်ဖို့၊ ခတ်ပြီးသား နေရာတွေမှာ လုပ်ငန်း မလုပ်ခင် ရွာသားတွေ ဝင်ရောက် စိုက်ပျိုးခွင့် ပေးဖို့နဲ့ စားကျက် အဖြစ်သုံးခွင့် ပေးဖို့ စတာတွေကို နှုတ်ကတိ လိုက်လျော ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
တရုတ် ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ မေလ ၁၈ ရက်နေ့ ညပိုင်းက ဇီးတော ရွာကဘုန်းကြီး ကျောင်းကို လာဝိုင်းတဲ့ လုံခြုံရေး ၁၀၀ လောက်နဲ့ ရွာသားတွေ ကြားမှာ တင်းတင်းမာမာ ဖြစ်ခဲ့ကြတဲ့ အတွက် သေနတ် ပစ်ဖောက်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
တရုတ် ဝန်ထမ်း နှစ်ယောက်ကို ရွာသားတွေက ဖမ်းဆီးခဲ့တာ ၂၄ နာရီ ကျော်သွား ခဲ့တာကြောင့် ဥပဒေကြောင်း အရပဲ ဆက်လက် အရေးယူ ဆောင်ရွက် သွားမယ်လို့ ညှိနှိုင်းရာမှာ ပါတဲ့ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
ရွာသားတွေ ဘက်ကတော့ အရေးယူရင်လည်း တစ်ရွာလုံး အရေးယူ ခံမယ်လို့ မဝင်းဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။




