အခြေခံဥပဒေပြင်ရေး NLD နဲ့ ၈၈ တို့ ဟောပြော

ဓာတ်ပုံ ရင်းမြစ်, AP
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ (၈၈) ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း တို့ ပူးပေါင်းပြီး ပထမဆုံး အကြိမ် ပြုလုပ်တဲ့ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ရေး လူထု ဟောပြောပွဲ ကို လူ(၅)သောင်းလောက် တက်ရောက်ခဲ့ ပါတယ်။
တိုင်းရင်းသား ပါတီတွေ၊ ကျောင်းသား အဖွဲ့ အစည်း တွေ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ဝင်တွေ နဲ့ ပြည်သူ လူထုတွေ တက်ရောက် ခဲ့တဲ့ စနေနေ့ မနက် ဟောပြောပွဲမှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၃၆)ပြင်ရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို အဓိက ထား ဟောပြော ခဲ့ပါတယ်။
(၂) နာရီ ကျော်လောက် ကြာမြင့် ခဲ့တဲ့ ဒီ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေး ဟောပြောပွဲကို လာရောက် ကြသူတွေက ဗိုလ်စိန်မှန် ကွင်းတစ်ခုလုံး ပြည့်နှက် နေပြီး လမ်းမ ပေါ်တွေ အထိ တောင် လူထု ပရိတ်သတ်တွေ အများ အပြား ရှိနေ တာကို မြင်တွေ့ရ ပါတယ်။
ဒီပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ဥပဒေကို အစိုးရ ဘက်က လိုလို လားလား ပြင်လိုတဲ့ ဆန္ဒ မရှိဘူး ဆိုပြီး လူထု ကို ဟောပြောခဲ့ ပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံပါ ပုဒ်မ (၄၃၆) ပြင်ဆင် ရေးမှာ စစ်တပ်က ပူးပေါင်း ပါဝင်ဖို့ လိုတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့ ပါတယ်။
(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း က ခေါင်းဆောင် ကိုမင်းကိုနိုင် ကလည်း ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။ တနင်္ဂနွေ နေ့မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ အခုလို ဟောပြောပွဲ ထပ်မံပြု လုပ်မှာ ဖြစ်ပါတယ်။




