ကချင်ဒုက္ခသည်တွေ ကို တရုတ်ကြက်ခြေနီကူ

ဓာတ်ပုံ ရင်းမြစ်, AFP Getty
တရုတ် ကြက်ခြေနီအဖွဲ့က ကချင် စစ်ဘေးတိမ်းရှောင် ဒုက္ခသည် တွေ အတွက် လှူဒါန်းတဲ့ ထောက်ပံ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ဒီနေ့ ကချင်ပြည်နယ်ကို ရောက်လာပြီး ဒုက္ခသည်စခန်း က တာဝန်ရှိသူတွေကို လွှဲပြောင်း ပေးအပ်သွားမယ်လို့ သိရပါတယ်။
တရုတ်ကြက်ခြေနီအဖွဲ့က လှူဒါန်းတဲ့ အကူအညီတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ယူ ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒီအကူအညီတွေကို တရုတ်နိုင်ငံ ကူမင်းကနေ တာဝန်ခံ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကိုယ်စားလှယ်တွေဟာ ဒီနေ့ ကချင်ပြည်နယ်ကို ရောက်လာမှာပါ။
တရုတ်နိုင်ငံက သတင်းတွေမှာတော့ ဆန်၊ ဆီ၊ အရေးပေါ်ဆေးဝါး၊ စောင် ဖိနပ် နဲ့ အခြားပစ္စည်းတွေ ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီအကူအညီတွေ ရောက်လာမယ် ဆိုတာ သိထား ပေမယ့် ဘာတွေ ပါလာမလဲ ဆိုတာတော့ မသိသေးတဲ့အတွက် ဘယ်လို မသုံးပြုရမယ် ဆိုတာလဲ မဆုံးဖြတ်ရသေးဘူး လို့ စစ်ပြေး ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဦးဒွဲဘီဇားက က ဘီဘီစီ ကို ပြောပြပါတယ်။
ဒီအကူအညီတွေကို ကချင်ပြည်နယ်က စစ်ဘေးရှောင် မိသားစု တစ်သောင်းခန့် အတွက် အသုံးပြုသွားမယ် လို့ သိရပါတယ်။ တရုတ်ကြက်ခြေနီအဖွဲ့ရဲ့ အကူအညီတွေ ကို ထောက်ပံ့ကယ်ဆယ်ရေး မိသားစု သေတ္တာလို့ ခေါ်ပါတယ်။ အမေရိကန် ဒေါ်လာ ရှစ်သိန်းကျော် တန်ဖိုးရှိတဲ့ အကူအညီတွေပါ။ ကချင် ဒုက္ခသည်တွေ ဆီ ရောက်လာသမျှ အကူအညီတွေထဲ မှာ တော်တော်လေး ပမာဏများတဲ့ အရေအတွက်လို့ ပြောနိုင်ပါတယ်။
ဒီနေ့ ရောက်လာမယ့် ကားတွေအတွက် ဘာတွေ ပါလာမယ်ဆိုတာ မသိရပေမယ့် ကချင်ဒုက္ခသည်တွေအတွက် ဘာတွေ အမှန်အကယ် လိုအပ်နေလဲ ဆိုတာတော့ နေစရာ ရွက်ဖျင်တဲ တွေ နဲ့ အိမ် လိုအပ်ပုံ၊ ၃ နှစ်တာ ကြာခဲ့ပြီ ဖြစ်တဲ့ ဒုက္ခသည် တွေရဲ့ အဓိက လိုအပ်ချက် ကို ဦးဒွဲဘီဇား က ဘီဘီစီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ကချင်ပြည်နယ်မှာ အအေး လွန်ကဲခဲ့ပြီး ရာသီဥတု ပြင်းထန်နေခဲ့တဲ့ ဒဏ်ကို ဒုက္ခသည်တွေ တော်တော်လေး ခံစားခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။ ဇန်နဝါရီ လကလဲ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အိုင်စီအာစီဟာ ကချင်ပြည်နယ် ပူတာအိုမြို့နယ်က ဒုက္ခသည် စခန်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ နဲ့ ပူးပေါင်းပြီး အထောက်အပံ့တွေ ပထမဆုံးအကြိမ် အဖြစ် ပေးပို့နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် စစ်ရေးပဋိပက္ခတွေ ဆက်ရှိ နေတဲ့ ကချင်ပြည်နယ်မှာ ဒုက္ခသည် တွေ ရနိုင်တဲ့ အကူအညီက အမြဲ လိုအပ်တာ ထက် လျော့နည်းနေတုန်းပါပဲလို့ ဦးဒွဲဘီဇားက ဘီဘီစီ ကို ရှင်းပြပါတယ်။




