ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် ခရီးစဉ် စတင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ် စတင်ပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ လေယာဉ်ကို အာဏာပိုင် တွေက နမ့်စန် လေဆိပ်မှာ ပေးမဆင်းတဲ့ အတွက် ဟဲဟိုးမှာပဲ ဆင်းသက် ခဲ့ရကြောင်း ဒီခရီးစဉ် မှာ လိုက်ပါ သွားတဲ့ NLD ကလော မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်သန်းငွေက ဘီဘီစီကို ပြောပါတယ်။
အကြောင်းကတော့ နမ့်စန် လေဆိပ်ဟာ စစ်တပ်ပိုင် ဖြစ်တာ ကြောင့်လို့ ဆိုပါတယ်။
နောက်ပြီး တောင်ကြီးမြို့က အဝေရာ မီးပုံးပျံကွင်း မှာ လူထု အစည်း အဝေးပွဲ ပြုလုပ်မယ့် ကိစ္စမှာလည်း အဲဒီကွင်းဟာ စစ်တပ်ပိုင် ဖြစ်တဲ့ အတွက် ခွင့်ပြုချက် မရရှိ ခဲ့ပါ။
ခွင့်ပြုချက်တွေ ရရှိဖို့ အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် သက်ဆိုင်ရာ အဆင့် ဆင့် တာဝန်ရှိ သူတွေ ကိုပါ တောင်းခံ ထားခဲ့တာ ဖြစ်တယ် လို့လည်း ဒေါ်သန်းငွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အခု ခရီးစဉ် အတွင်း မြို့ ၄ မြို့မှာ လူထု အစည်း အဝေးပွဲ လုပ်ဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။




