မူးယစ် တိုက်ဖျက်ရေး အစိုးရ မကူညီလို့ ရှမ်းကဆို

opium
ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသပါ

ရှမ်းပြည်နယ် မိုးနဲ့ နဲ့ မိုင်းပန် မြို့နယ်တွေ ထဲက ကျေးရွာ ၂၀ မှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အတွက် အတွက် ကုလသမဂ္ဂ၊ အစိုးရနဲ့ RCSS/SSA ရှမ်းပြည်တောင်ပိုင်း အဖွဲ့တို့ သဘောတူ ထားတာ တနှစ်ကျော် လာပြီ ဖြစ်ပေမယ့် တိုးတက်မှု မရှိဘူးလို့ ရှမ်းပြည်တောင်ပိုင်း အဖွဲ့က ပြောပါတယ်။

အဲဒီကျေးရွာ တွေမှာ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးဖို့ နဲ့ စံပြကျေးရွာတွေ တည်ထောင်ဖို့ ဒေသခံ တွေအတွက် အခြားလိုအပ်ချက် တွေကို လေ့လာပြီး စီမံကိန်း ရေးဆွဲရအောင် သဘောတူ ထားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့ UNODC၊ မြန်မာအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့ CCDAC နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့တို့ ၂၀၁၂ ခုနှစ် ရှမ်းပြည်နယ် တာချီလိတ် မြို့မှာ တွေ့ဆုံ ခဲ့ချိန်က အချက် ၉ ချက်ပါ သဘောတူညီချက်ကို ရခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလ တုန်းက ဒေသတွင်း ကွင်းဆင်းလေ့လာ ခဲ့တာ သာရှိပြီး စီမံကိန်းရေးဆွဲ နိုင်တဲ့အဆင့် ကိုမရောက် သေးဘူးလို့ RCSS က ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်း ကဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အစိုးရမူးယစ်ဗဟိုအဖွဲ့ CCDAC ကို ဆက်သွယ် တဲ့အခါမှာလည်း အထက်က ညွှန်ကြားချက် မရှိသေးဘူး လို့သာ အကြောင်းပြန်လေ့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ CCDAC တာဝန်ရှိသူတွေ ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရ ခဲ့ပါဘူး။

ကုလသမဂ္ဂ မူးယစ်ဆေး တိုက်ဖျက်ရေး အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာ အရ မြန်မာ နိုင်ငံမှာ တနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၆ ရာနှုန်း မြင့်တက်ခဲ့ပြီး ဘိန်းတောင်သူတွေ တခြားနည်းလမ်းနဲ့ ဝင်ငွေ မရတာဟာ အဓိက ပြဿနာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း အဖွဲ့ကတော့ ဘိန်းတောင်သူတွေ အစားထိုး သီးနှံ စိုက်ပျိုး နိုင်မယ့် စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်မှု မရတာက အဓိက ပြဿနာ တခုဖြစ်တယ် လို့ဆိုနေပါတယ်။

ဒီအတောအတွင်း မိုင်းကိုင်မြို့နယ်မှာ ဘိန်းခင်း ဖျက်ဆီးဖို့ သွားတဲ့ စစ်ကြောင်းတခုကို ရှမ်းပြည်တောင်ပိုင်း အဖွဲ့ တံဆိပ်တွေ ပါတဲ့ လူ ၅၀ လောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၃ ရက် နေ့စွဲနဲ့ အစိုးရ သတင်းစာ တွေမှာ ဖော်ပြပါတယ်။

RCSS ကဗိုလ်မှူးကြီး စိုင်းမိန်း ကတော့ သဘောတူညီ ထားတဲ့အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်တာ တော့ မလုပ်ဘဲ သူတို့ထိန်းချုပ်တဲ့ နယ်မြေထဲကို အကြောင်းမကြားဘဲ ဝင်လာပြီး လှုပ်ရှားမယ် ဆိုရင် ပြဿနာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။