ကလေးမြို့မှာ ရေကြီး

မြန်မာပြည် တဝှမ်းမှာ မိုးများပြီး ရေကြီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ
ဓာတ်ပုံ ပုံစာ, မြန်မာပြည် တဝှမ်းမှာ မိုးများပြီး ရေကြီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ လွန်ခဲ့တဲ့ နှစ်ရက် လောက်က မိုးများပြီး ချင်းတောင်က တောင်ကျ ချောင်းရေတွေ ကျခဲ့လို့ ပုံတောင် ပုံညာနားက တံတားနှစ်စင်း ကျိုးပျက် သွားခဲ့ပါတယ်။

ဒီလို တောင်ကျရေတွေ ကျခဲ့လို့ လူ နှစ်ဦး ချောင်းရေနဲ့ မျောပါ သေဆုံးခဲ့ပြီး နွားတွေလည်း မျောပါသွားခဲ့ တယ်လို့ ကလေးမြို့ခံ တဦးက ပြောပါတယ်။

အခုလို ချောင်းရေ ထိုးကျလာတာကြောင့် ကမ်းပြိုရာမှာ လယ်ဧက တသောင်းလောက် ပျက်စီးဆုံးရှုံးခဲ့သလို အိမ်တချို့လည်း ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။

ရေဘေးဒုက္ခသည်တွေ တထောင်ထက် မနည်း ရှိပြီး ကလေးမြို့ ဇာတ်ရုံကြီးနဲ့ နီးစပ်ရာမှာ နေနေကြရသလို တချို့က လမ်းပေါ်မှာ နေနေကြတယ်လို့ ဒေသခံက ပြောပါတယ်။ အဲဒီဒုက္ခသည်တွေကို NLD ၊ ချင်းတွင်း လူငယ် ကွန်ယက်နဲ့ ၈ လေးလုံး အင်အားစုတွေ ပေါင်းပြီး ဆန်ဝေခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဘက်က ပံ့ပိုးကူညီတာတွေတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

ဇာတ်ရုံကြီးထဲ ခိုလှုံနေတဲ့ ရေဘေး ဒုက္ခသည်တွေကိုတော့ မြို့က လူတွေက စားစရာတွေ ကူညီပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

ရေဝင်လာခဲ့တာ ၄ ရက် လောက်ရှိနေပြီး နောက်ထပ် မိုးမရွာရင် ရေပြန်ကျ သွားလိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

ဒီဒေသမှာ ရေအကြီးအကျယ် ကြီးခဲ့တာ ၁၉၆၆ ခုနှစ်က တခါ၊ ၂၀၀၈ ခုနှစ်က တခါ ဖြစ်ပြီး အခုတခါ တတိယအကြိမ် ရေကြီးတာ ဖြစ်တယ်လို့ ကလေး မြို့ခံတဦးက ပြောပြပါတယ်။