ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မရှင် စည်းဝေး

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မရှင် သောကြာနေ့က ပထမဆုံး အကြိမ် အစည်းအဝေး လုပ်ခဲ့ပါတယ်။
လွှတ်တော် အတည်ပြုချက် ရယူဖို့ လုပ်ငန်းစဉ် ချမှတ် ခဲ့ပါတယ်။
အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မရှင်က ပြင်သင့်တယ်ဆိုတဲ့ အချက်တွေကို လေ့လာပြီးနောက် အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ကို တင်သွင်း ရမှာ ဖြစ်ပါတယ်။
( ၁) နိုင်ငံတော် တည်ငြိမ် အေးချမ်းပြီး ခေတ်စနစ်နဲ့ အညီ ပိုမို တည်ဆောက်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး။
( ၂ )တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင် နိုင်ရေး
( ၃) နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ ဒီမိုကရေစီစနစ် ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်ကို အရှိန်အဟုန် မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေး ဦးတည်ချက် ၃ ရပ်ကို ကော်မရှင်က ချမှတ် ထားပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံကို အဖွဲ့ခွဲပြီး ကဏ္ဍအလိုက် လေ့လာ သွားမယ်၊ အများပြည်သူ အကြံပြုချက် တွေ လည်း ရယူသွားဖို့ ပါဝင်တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါ်ဒွဲဘူက ပြောပါတယ်။
ကော်မရှင်မှာ ဖွဲ့စည်းပုံ အဓိက ပြင်ဆင်လိုတဲ့ NLD က အနည်းစု ပါဝင်ပြီး အာဏာရ ကြံ့ခိုင်ရေးနဲ့ တပ်မတော်က နေရာ အများစုနဲ့ လွှမ်းမိုး ထားပါတယ်။








