မြန်မာနိုင်ငံက အမျိုးသမီးတွေ အခွင့်အရေး ချိုးဖေါက်ခံ နေရတယ်လို့ လွှတ်တော် အမတ်ပြော

မြန်မာနိုင်ငံမှာ ဥပဒေ ပြဌာန်းပြီး အမျိုးသမီးတွေ အပေါ်ကို ခွဲခြား ကန့်သတ်ဖို့ ကြိုးစားတဲ့ အထိ မြန်မာနိုင်ငံက အမျိုးသမီးတွေ အခွင့်အရေး ချိုးဖေါက်ခံ နေရတယ်လို့ မနေ့တုံးက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရန်ကုန်တိုင်း၊ မဂ်လာတောင်ညွန့် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ၊ အမျိုးသမီးတွေ အခွင့်အရေး ချိုးဖေါက်မှုကို အတော်ခံနေရသလို တပြည်လုံး အတိုင်းအတာနဲ့လည်း လူ့အခွင့်အရေး အချိုးဖေါက်ခံ နေရတယ်လို့ ရန်ကုန်တိုင်း မဂ်လာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေး အခွင့်အရေးဆိုင်ရာ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီး ဒေါက်တာစင်သီယာမောင်နဲ့ မနေ့တုံးက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဆွေးနွေးအပြီးမှာ ဒေါ်ဖြူဖြူသင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ပိုဆိုးတာက၊ အခုလက်ရှိ ဥပဒေတရပ်ပါ ပြဌာန်းပြီးတော့၊ အမျိုးသမီးတွေကို ဖိနှိပ်ဖို့ ကြိုးပမ်းလာတဲ့အထိ ဖြစ်လာတာကို ဒေါ်ဖြူဖြူသင်းက ကျွန်မတို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အမျိုးသမီးတွေ ဘ၀ဟာ ဘယ်လောက်တောင် ဆိုးသလဲဆို ၊ အခုဆိုရင် ဒီလူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့၊ အမျိုးသမီးတွေကို တဖက်သတ် လုပ်နေတဲ့ ကိစ္စရပ်တွေမှာ တောင်မှပဲ၊ အမျိုးသမီး တော်တော်များများဟာ၊ ဒါငါတို့ မတရား ဖိနှိပ်တာပါလား ဆိုတာတောင်မှ မသိတဲ့ ဘ၀ကို ရောက်နေတယ်လို့ သူက ဆိုပါတယ်။
ဖြစ်သွားတဲ့ ကိစ္စရပ်တွေ အကုန်လုံးနီးပါးဟာ၊ ဘာသာရေးကြောင့် ဖြစ်တာမဟုတ်ဘူး ၊ လူမျိုးရေးကြောင့် ဖြစ်တာလည်း မဟုတ်ဘူး ၊ အခြေအနေ တရပ်ရပ်ကြောင့် သဘာ၀မကျစွာနဲ့ ဖြစ်နေတဲ့အခါ ကျတော့၊ အခု ဒီဥပဒေကို ပြဌာန်းလိုက်တဲ့ အခါကျမှ ကျွန်မတို့ အမျိုးဂုဏ်ကို ထိန်းသိမ်း စောင့်ရှောင် တယ်လို့လည်း မယူဆဘူးလို့ ဒေါ်ဖြူဖြူသင်း က ပြောသွားပါတယ်။
ဒါကြောင့်မိုလို့ မြန်မာ တနိုင်ငံလုံးက အမျိုးသမီးထု တရပ်လုံး အမျိုးသမီး အခွင့်အရေးတွေ သိလာအောင် ၊ ပညာပေး ၊ လှုံ့ဆော်မှုတွေကို အခုထက် ဆတိုးပြီး လုပ်သွားမယ်လို့ သူက ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်းနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့၊ မဲခေါင်မြစ်အောက်ပိုင်း ၅ နိုင်ငံက အမျိုးသမီး ရေးရာ ကိစ္စသင်တန်းကို လာတက်တာ ဖြစ်ပြီးတော့၊ အမျိုးသမီး အခွင့်အရေး ချိုးဖေါက်ခံတဲ့ ကိစ္စတွေကို ဒေသတွင်း နိုင်ငံတွေကော၊ ကမ္ဘာ့နိုင်ငံတွေနဲ့ပါ ချိတ်ဆက် ဆောင်ရွက် သွားကြမယ်လို့ သိရပါတယ်။




