ဖယ်ဒရယ် ယူနီယံ ဆွေးနွေးပွဲ ကျင်းပဖို့ရှိ

တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း မဟာမိတ်အဖွဲ့ဟာ အခုလာမယ့် ဇွန်လ ၁၁ရက်နဲ့ ၁၂ရက်နေ့ကျရင် ဖယ်ဒရယ် ယူနီယံ ဆွေးနွေးပွဲတရပ်ကို တောင်ကြီးမြို့မှာ ကျင်းပဖို့ ရှိပါတယ်။
အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စမှာ ဖယ်ဒရယ်စနစ်ကျအောင် ဘယ်အချက်တွေကို ပြင်ဆင် ဖြည့်စွက်သင့်တယ် ဆိုတာနဲ့ ၈ပြည်နယ်ကို အခြေခံတဲ့ ပြည်ထောင်စုမူနဲ့ ဗဟိုနဲ့ ပြည်နယ် လွှတ်တော် တို့ရဲ့ အာဏာခွဲဝေမှု အကြောင်းတွေကို ဒီအစည်းအဝေး မှာ ထည့်သွင်း ဆွေးနွေး သွားမယ်လို့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း မဟာမိတ်အဖွဲ့ထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် က ဘီဘီစီ ကို ပြောပါတယ်။
၂၀၁ဝ ရွေးကောက်ပွဲ ကို ဝင်ခဲ့စဉ် က ၇ တိုင်း နဲ့ ၇ ပြည်နယ် လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ ပါဝင်ခဲ့ပုံ၊ တကယ် လို့ ဖွဲ့စည်းပုံ ကို ပြင်မယ် ဆိုရင် ၈ ပြည်နယ် သတ်မှတ် ရေး၊ ဗမာ တိုင်းရင်းသား တွေ အနေနဲ့လည်း လူများစု ဖြစ်တဲ့ တိုင်အောင် လူမျိုးကြီး အနေနဲ့ လိုက်လျော တဲ့ အသွင်ဆောင်ယင်း လက်ခံ စေလိုပုံ၊ ကယားပြည်နယ် ဆိုရင် အငယ်ဆုံး ပြည်နယ် ဖြစ်တဲ့ အတွက် တန်းတူ အခွင့် အရေး ရစေလိုတဲ့ အကြောင်း ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း မဟာမိတ်အဖွဲ့ထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် က ဘီဘီစီ ကို ရှင်းပြ ပါတယ်။
အစိုးရ အနေနဲ့ လက်ခံ မခံ ဆိုတာ နဲ့ ပတ်သက်လို့ ဒေါက်တာ အေးမောင် က ဗမာ တိုင်းရင်းသား အများလက်ခံ ဖို့သာ လိုကြောင်း ပြောပါတယ်။




