တစ်အိမ်ထောင် ၂ယောက်နှုန်းဘဲ ကလေးမွေးရမယ်

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့ ရခိုင်ပြည်နယ် မောင်းတော ခရိုင်မှာ ဘင်္ဂါလီ ( အစိုးရအခေါ် )လူမျိုးတွေ တစ်အိမ်ထောင် ၂ယောက်နှုန်းဘဲ ကလေးမွေးရမယ်လို့ ပြီးခဲ့တဲ ရက်ပိုင်းကဘဲ ဒေသန္တရ အမိန့် ထုတ်ပြန်လိုက်တယ်လို့ ရခိုင် ပြည်နယ် အစိုးရက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အရ ထုတ်ပြန်တာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အစိုးရက ပြောပါတယ်။
မောင်းတောခရိုင်က မြို့နယ်တွေမှာ ဘင်္ဂါလီ ကလေး မွေးဖွားနှုန်း ထိန်းဖို့ အတွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်က ထုတ်ပြန်ရတာ ဖြစ်တယ် ၊ အခြေအနေကို လိုက်ပြီး အခြား ရခိုင် ပြည်နယ်ထဲက မြို့တွေမှာလဲ ထုတ်ပြန် သွားဖို့ ရှိတယ်လို့ ရခိုင် ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဝင်း မြိုင်က ပြောပါတယ်။
မောင်းတော ဒေသခံ မူဆလင် တစ်ဦး ကတော့ ဒီအမိန့်ဟာ အရင် ဆယ်နှစ်ကျော်က နယ်စပ် လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြန်လည် ထုတ်ပြန်တာ ဖြစ်တယ်လို့ ပြောပြီး မောင်းတော မှာ အခု ရက်ပိုင်း စစ်ဆေးမှု တွေကြောင့် တစ်ရွာနဲ့ တစ်ရွာ သွားလာဖို့ကိုတောင် အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။
မောင်းတောမှာ မူဆလင် လူမျိုး ၉၀ရာခိုင်နှုန်းလောက်တာ ရှိပါတယ်။
အရင် ဥပဒေအရ ဆိုရင် မောင်းတောမှာ မူဆလင်တွေဟာ အမျိုးသမီး တစ်ဦးထက် ပိုယူရင် တရားမဝင် ပေါင်းသင်း နေထိုင်မှု ဥပဒေနဲ့ လူဝင်မှု ကြီးကြပ်ရေးက အရေးယူ ခံရဖို့ ရှိပြီး ကလေး ၂ဦးထက် ပိုရင် ဒီကလေး ကို တရားဝင် အသိမှတ် ပြုခြင်း မရှိပါဘူး။
ဘင်္ဂါလီ ကလေး မွေးဖွားနှုန်း ထိန်းဖို့အတွက် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက ဒီအမိန့် ထုတ်တာ ဖြစ်တယ်လို့ အစိုးရက ပြောပြီး မောင်းတော ခရိုင် ထဲက မူဆလင် ၈၀ ရာခိုင်နှုန်း ကျော် ရှိတဲ့ ဘူးသီးတောင် မြို့နဲ့ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ တွေပါ ဒီဒေသန္တရ အမိန့် ထုတ်ပြန် ထားတယ် လို့ သိရပါတယ်။




