တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး

မြန်မာအစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေဆဲ အဖွဲ့တွေ စုပေါင်းပြီး ထိုင်းနိုင်ငံမှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ကျင်းပခဲ့ ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး အတွက် ဘယ်လို လုပ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို ဆွေးနွေးခဲ့ ကြတာ ဖြစ်တယ်လို့ ချင်းအမျိုးသား တပ်ဦး CNF ရဲ့ တွဲဖက် အတွင်းရေးမှူး ၂ ဒေါက်တာ ရွှေခါးကဘီဘီစီကို ပြောပါတယ်။
အပစ်ရပ် အဖွဲ့တွေရဲ့ ဆက်ဆံရေး ရုံးတွေကနေ ဘာတွေ ဆက်လုပ်ကြမယ် ဆိုတဲ့ အပေါ် အမြင် သဘောထားတွေ တူတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
CNF အနေနဲ့က တရားမဝင် အဖွဲ့အစည်းတခု အခြေအနေမျိုးပဲ ရှိသေးတော့ တိုက်ပွဲတွေ ပြန်မဖြစ်ရေး အတွက် အခုလာမယ့် အစိုးရနဲ့ ဆွေးနွေးပွဲမှာ အသေအချာ ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဒေါက်တာ ရွှေခါးက ပြောပါတယ်။
အပစ်ရပ်ပြီးသား အဖွဲ့တွေရဲ့ ဆက်ဆံရေးရုံး လုံခြုံရေး အတွက်လည်း ဆွေးနွေး ကြတာ ရှိသလို၊ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံး အတွက်လည်း ပြင်ဆင်မှုတွေ လုပ်ရ မယ်လို့ သူက ပြောပါတယ်။




