SNLD ၂၀၁၅ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်

SNLD

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, SNLD ခေါင်းဆောင် ခွန်ထွန်းဉီး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ မနေ့က ကော် မရှင်ရုံးမှာ မှတ်ပုံ တင်လိုက်ပါပြီ။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တဲ့ အတွက် နိုင်ငံရေး ပါတီ အဖြစ်က ပျက်ပြယ်သွားတဲ့ SNLD ဟာ ခု ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်သလို ၂၀၁၅ မှာလည်း ဝင်ပြိုင် မယ်လို့ ပြောပြီး ပါတီဝင်တွေ ဖြစ်တဲ့ စိုင်းညွန့် လွင်၊ စိုင်းစောအောင်နဲ့ စိုင်းရွှေကြူးတို့ အဖွဲ့ဟာ နေပြည်တော် ကော်မရှင်ရုံးမှာ သွားရောက် မှတ်ပုံတင်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ခွန်ထွန်းဉီး၊ စိုင်းညွန့်လွင်နဲ့ စိုင်းလှအောင်တို့ အကျဉ်း ကျနေဆဲ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဇန်နဝါရီလက ရှမ်းခေါင်းဆောင်တွေ အားလုံး လွတ်လာပြီးနောက် ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ခေါ်ရာမှာ ၂၀၁၅ မှာ ဝင်ပြိုင်ပြီး ပါတီ ပြန်မှတ်ပုံ တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပါတီ မှတ်ပုံတင်ခွင့် ပြုမပြု သုံးပတ်ကနေ တလ အတွင်း ကော်မရှင်က အကြောင်းကြား လိမ့်မယ်လို့ ခွန်ထွန်းဉီးက ပြောပါတယ်။

မှတ်ပုံတင်ခွင့်ရရင် ပါတီ မူဝါဒ၊ အလံ၊ အမှတ် တံဆိပ်တွေကို တခါတည်း တင်ပြမှာ ဖြစ်ပြီး ပါတီ စည်းရုံးရေး လုပ်ငန်းတွေလည်း တခါတည်း အကောင်အထည် ဖော်မယ်လို့ ခွန်ထွန်ဉီး က ဘီဘီစီကို ပြောပြပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီ အနေနဲ့ ရှမ်းပြည်နယ်တင်မက ရှမ်းပြည်သူ လူထု နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်နဲ့ ကယား ပြည်နယ်တွေမှာလည်း ဝင်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါတီ အဖွဲ့ဝင် လောလောဆယ် ဆယ့်ငါးယောက် ရှိပြီး ဥက္ကဌဟောင်း ခွန်ထွန်းဉီး၊ အထွေထွေ အတွင်းရေးမှုးဟောင်း စိုင်းညွန့်လွင်တို့ ခေါင်းဆောင်ပြီး ခေတ်ပညာတတ် လူငယ်တွေ သုံးပုံ နှစ်ပုံလောက် ပါဝင်တယ်လို့ စုံစမ်း သိရှိ ရပါတယ်။