မြန်မာ့လူ့အခွင့်အရေးအခြေအနေ မတိုးတက်သေး

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးမှု၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ် မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေကြောင်း နိုင်ငံတကာလူ့ အခွင့်အရေးဆိုင်ရာအဖွဲ့ Amnesty International ရဲ့ သောကြာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေက စစ်ဆင်ရေးကြောင့် ဒါမှမဟုတ် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ရွာတွေကို ရွှေ့ပြောင်းတာတွေလည်း ဆက်ပြီးလုပ်နေတဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။
Amnesty International တည်ထောင်တဲ့နှစ် ၅၀ ပြည့်နဲ့ တိုက်ဆိုင်ပြီး ထုတ်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက အခြေအနေကို တခြားနိုင်ငံတွေနဲ့အတူ ဖော်ပြထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်တာ မြင်နိုင်ဖို့ တစ်ချက်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုတယ်လို့ Amnesty International အဖွဲ့ကအာရှ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Donna Guest က ဘီဘီစီကို ပြောပါတယ်။
''နိုဝင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာကလွဲလို့ တိုးတက်မှု ဘာမှမရှိတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်'' လို့ Donna Guest က ပြောပါတယ်။
''မကြာခင်မှာတော့ အကျဉ်းသားတွေ ပြန်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။ အာဆီယံထိပ် သီးညီလာခံ မတိုင်ခင်က အဲဒီလိုလွှတ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဖြစ်မလာပါဘူး။ ဒီနိုင်ငံရေးအကျဉ်းသားတွေကို အစုလိုက် အပြုံလိုက်ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ရပ်ဝေးက အကျဉ်းထောင်တွေမှာ ပို့ထားတဲ့ မင်းကိုနိုင်တို့၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်တွေကို ချက်ချင်း ပြန်လွှတ်ဖို့လိုနေပါတယ်။''
Amnesty International ကိုယ်စားလှယ်တွေဟာ ၂၀၀၀ ခုနှစ်ကျော်ကျော် ကာလတွေတုန်းက မြန်မာနိုင်ငံကိုသွားပြီး အခြေအနေတွေကို လေ့လာခဲ့တာ၊ အကျဉ်းသားတွေနဲ့ တွေ့တာ လုပ်နိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အစိုးရတွေက ခွင့်မပြုခဲ့ပါဘူး။




