ရှေ့နေတွေကို ပစ်မှတ်ထား ဖမ်းဆီးလာ

အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် အာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပေါ် စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက် လုပ်နေသလိုပဲ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုလည်း ဖိအားပေးတာအပြင် ဖမ်းဆီးမှုတွေပါ ရှိနေပါတယ်။

နောက်ဆုံး သိရတာက အခု သီတင်းတစ်ပတ် အတွင်းမှာပဲ မုံရွာမြို့က ရှေ့နေ သုံးယောက် ဖမ်းဆီးခံခဲ့ကြရတဲ့ သတင်းပါ။ အဲဒီ ရှေ့နေတွေက တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်း၊ အသက် ၇၀ ကျော် အရွယ် တရားလွှတ်တော် ရှေ့နေ ဦးသန်းထွန်းနဲ့ လူငယ် ရှေ့နေ ဦးအောင်ချမ်းမြေ့တို့ ဖြစ်တယ်လို့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်နဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် တို့ရဲ့ အမှုတွေကို အရင်က လိုက်ပါ ဆောင်ရွက်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

ဖမ်းဆီးမခံရခင် အချိန်အထိလည်း နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီး ခံထားရသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူလည်းဖြစ်ပါတယ်။

ဦးမိုးဇော်ထွန်းကို သူ့နေအိမ်မှာ ဖမ်းဆီးသွား

တရားလွှတ်တော် ရှေ့နေ ဦးမိုးဇော်ထွန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ ည သန်းခေါင်ကျော်ပြီး ၁ နာရီခွဲ လောက်က မုံရွာ မြို့သစ် ရပ်ကွက်က သူ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးရာမှာ စစ်သားတွေနဲ့ အရပ်ဝတ်တွေ ပါတဲ့ ကား ၅ စီးလောက်နဲ့ လာဖမ်းတာဖြစ်တယ်လို့ ဒီဖမ်းဆီးမှု ကို သိလိုက်သူတွေက ပြန်ပြောပါတယ်။

ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာ မသိရသေးပါဘူး။ ဖမ်းဆီးပြီး တစ်ပတ်ကြာတဲ့ အထိ စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာ မရှိသေးသလို တရားစွဲတင်တာ မျိုးလည်း မတွေ့ရသေးပါဘူး။

ဘယ်မှာ ဖမ်းဆီးထားမှန်းလည်း မသိတဲ့ အတွက် မိသားစုက စိုးရိမ်နေတယ်လို့ မုံရွာ ဒေသခံ တစ်ယောက်က ပြောပါတယ်။

တခြားဖမ်းဆီးမှု ရုံးထုတ်မှုများ

ပြီးခဲ့တဲ့ မတ်လက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံခဲ့ရတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်က အထက်တန်းရှေ့နေ ဒေါ်ညိုပြာလဲ့နဲ့ သူ့ရဲ့ညီမကို ပြီးခဲ့တဲ့ သောကြာနေ့ ဇွန် ၂၄ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီးပြီးနောက် တရားစွဲတုန်းက ပုဒ်မ ၅၀၅ (က) နဲ့ စွဲဆိုခဲ့ပေမဲ့ နောက်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်မှုကို ကူညီထောက်ပံ့မှုဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

အခုဆို သက်သေတွေကို စစ်ဆေးနေပြီလို့ သူတို့ မိသားစုနဲ့နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

မန္တလေးက ဖမ်းဆီးခံရတဲ့ ရှေ့နေတွေ

ဒီရက်ပိုင်းအတွင်းမှာပဲ မန္တလေးက တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်သန်းဌေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဘယ်မှာ ထားမှန်း မသိဘဲ အခု အချိန်ထိ အဆက်သွယ်မရ ဖြစ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ထောက်ခံသူတွေရဲ့ တယ်လီဂရမ်မှာ သူဟာ အကြမ်းဖက်မှုတွေကို အကြီးစား ထောက်ပံ့သူဆိုပြီး စွပ်စွဲ ရေးသားနေတာ တွေ့ရတယ်လို့ နီးစပ်သူ တချို့ကပြောပါတယ်။

မန္တလေးတိုင်းမှာ ရှေ့နေ ဒေါ်မေဇွန်ကို၊ ဒေါ်ရွက်နုအောင်၊ ဦးစည်သူတို့ ဖမ်းဆီးခံခဲ့ကြရပြီး နောက်မှာ ရှေ့နေတချို့ကို စစ်ကောင်စီဘက်က ထမ်မံ ဖမ်းဆီးတာတွေ ရှိလာတာလို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က သူ့ရုံးခန်းမှာ ဖမ်းဆီး ခံခဲ့ရတဲ့ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်နဲ့ NLD ပါတီနာယက ဦး၀င်းထိန်ရဲ့ အမှု တွေမှာ လိုက်ပါဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။

အခုတော့ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထားပါတယ်။

သိရသမျှ တခြား အဖမ်းအဆီးများ

တိုင်းရင်းသား နယ်မြေတွေက မြေသိမ်းခံရမှုတွေကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ကိုဖိုးဖြူလည်း ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သူနဲ့ ရင်းနှီးတဲ့ ရှေ့နေ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အခုနှစ် ၂၀၂၂ ခု ဇန်နဝါရီလ လ ၁၈ ရက်နေ့က ရန်ကုန်မြို့က ကိုဖိုးဖြူရဲ့ ရုံးခန်းကို စစ်ကောင်စီတပ်သားတွေက စစ်ကားသုံးစီးနဲ့ ရောက်လာပြီး လာဖမ်းရာမှာ သူ အဲဒီမှာ မရှိတဲ့ အတွက် ဖမ်းမမိခဲ့ဘူးလို့ အဖမ်း မခံရခင်က ကိုဖိုးဖြူက ဘီဘီစီကို ပြောဖူးပါတယ်။

ပုဒ်မ ၅၀၅ (က) ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း ကိုင်ပြီး စစ်ကောင်စီ တပ်သားတွေ လာဖမ်းတာလို့လည်း ဆိုပါတယ်။

အခုတော့ သူ့ကို အင်းစိန်ထောင်ထဲမှာ ဖမ်းထားတယ်လို့ သိရကြောင်း သူ့မိတ်ဆွေ ရှေ့နေတွေက ပြောပါတယ်။ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ရှေ့နေ ကိုဖိုးဖြူက DVB သတင်းထောက် ဦးအောင်စံလင်း အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ စီစဉ်ထားတာဖြစ်ပြီး သူ့ကို ဖမ်းဝရမ်း ထုတ်ထားတဲ့ အတွက် လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ကချင်ပြည်နယ်

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အပါဝင် ဖမ်းဆီးခံဆန္ဒပြသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားမြို့က တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးကာလ တစ်နှစ်ကျော်အတွင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် တရားစွဲခံထားရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ ရှေ့နေစုစုပေါင်း ၂၀ ကျော်လောက် ရှိပြီလို့ ရှေ့နေတွေရဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

နိုင်ငံရေးအမှုတွေနဲ့ လိုက်ပါ ဆောင်ရွက်ပေးနေတာဖြစ်လို့ စစ်ကောင်စီက ရှေ့နေတွေအပေါ် အငြိုးထားပြီး အခုလို လုပ်တာဖြစ်တယ်၊ ရှေ့နေတွေဟာ တခြားအရပ်သားတွေထက်စာရင် ဥပဒေကြောင်းကို နားလည်တဲ့အတွက် ထောက်တာ မေးတာတွေ ရှိတော့ မကျေမနပ်တာတွေ ရှိပြီး အခုလို ဖမ်းတာဆီးတာ ဖိအားပေးတာ တွေကို လုပ်တာလို့ ယူဆကြောင်း အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေ တစ်ယောက်က သုံးသပ် ပြောဆိုပါတယ်။