အဖမ်းခံထားရတဲ့ တစ်နှစ်ကျော်လာပြီဖြစ်တဲ့ ဦးမြအေး အမှုနောက်ဆုံး အခြေအနေ

စစ်တပ်က အာဏာသိမ်းတဲ့ နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ယောက်ဖြစ်သူ ဦးမြအေးကို အင်းစိန်ထောင်တွင်း တရားရုံးမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြားနာ စစ်ဆေးခဲ့ပြီး စွဲချက်တင်တဲ့ အမိန့် ချမှတ်လိုက်ပါတယ်။

၂၀၁၄ ခုနှစ် တုန်းက ဦးမြအေး ရေးသားပေးပို့တဲ့ အီးမေးလ် တစ်စောင်နဲ့ ပတ်သက်ပြီး လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနဲ့ တမျိုးဖြစ်စေ တစ်ဖက်နဲ့တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ် ဆိုပြီး ဥပဒေ ပုဒ်မ ၅၀၅ (ဂ) နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့် ရဲစခန်းက ဒုရဲမှူး ဦးဇော်မင်းသူက တရားလို လုပ်ပြီး စွဲဆိုထားတဲ့ အမှုမှာ အဲဒီ အီးမေးလ်ကို တရားရုံးမှာ သက်သေအဖြစ်နဲ့ တင်ပြထားခြင်း မရှိဘဲ တရားစွဲဆိုတဲ့ တိုင်စာ မှာသာ ပါရှိတာဖြစ်တယ်လို့ ဦးမြအေးရဲ့ ရှေ့နေ ဒေါ်တဉ္ဇာဦးက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးထားတယ်လို့လည်း သူက ပြောပါတယ်။

ပုဒ်မ ၅၀၅ (ဂ) ဟာ ပြစ်မှုထင်ရှားရင် ၂ နှစ် အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်နဲ့‌ ထောင်ဒဏ်ရော‌ ငွေဒဏ်ပါ ကျခံနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

တရားခံပြသက်သေမတင်

တရားစွဲခံရပြီး စွဲချက်တင်ခံလိုက်ရတဲ့ အမှု အတွက် ဦးမြအေးက တရားခံပြ သက်သေမတင်ပြတော့ဘဲ သူ ကိုယ်တိုင် စစ်ဆေးခံမှာ ဖြစ်ပါတယ်။

စွဲချက်တင် အမိန့် မချမှတ်ခင်မှာပဲ တရားလိုနဲ့ တရားလို သက်သေတွေ အားလုံးကို စစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်တာကြောင့် လာမယ့် ရုံးချိန်းမှာ ဦးမြအေးကိုပဲ စစ်ဆေး မေးမြန်းဖို့ ရှိတော့တာဖြစ်ပါတယ်။

လာမယ့်တပတ် ၁၅ ရက်နေ့မှာ ဦးမြအေးကို စစ်ဆေးပြီးရင် နှစ်ဘက်ရှေ့နေတွေက နောက်တပတ် ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက်တင်ကြရတော့မှာပါ။

ဒီလို တင်ပြီးသွားပြီဆိုရင် ရှေ့နေရဲ့ လုပ်ငန်းစဉ်ပြီးသွားတဲ့ အတွက် ရုံးရဲ့ လုပ်ငန်း အနေနဲ့ နောက်ရုံးချိန်းမှာ အမိန့်ချလေ့ရှိတာကြောင့် ဦးမြအေးအမှုက အခုလအတွင်းမှာပဲ အမိန့်ချနိုင်ဖွယ် ရှိတယ်လို့ ရှေ့နေက သုံးသပ်ပါတယ်။

ကျန်းမာရေး

ဦးမြအေးရဲ့ ကျန်းမာရေးအခြေအနေကတော့ ခြေထောက်က အရင်တပတ်ကထက် ပိုရောင်လာတာတွေ့ရတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဦးမြအေး ဆေးရုံတက် ကုသမှု ခံယူခဲ့ရချိန်က ခြေထောက် ရောင်တာ သက်သာသလို ရှိခဲ့ပေမဲ့ အခု ထောင်ထဲ နေရချိန်မှာ လိုအပ်တဲ့ ဆေးတွေကို လိုသလို သောက်လို့ မရတဲ့အတွက် ပြန်ဆိုးရွားလာတာ ဖြစ်နိုင်တယ်လို့လည်း သူ့ရှေ့နေက ပြောပါတယ်။

လာမယ့် တပတ်ထဲမှာပဲ အဲဒီ ခြေထောက်အတွက် ဆေးရုံကို ပြန်ပြဖို့ ရှိပါတယ်။

အဲဒီ ခြေထောက်ရောင်တာက လွဲရင် ဦးမြအေးက သာမန်အားဖြင့် ကျန်းကျန်းမာမာ ရှိနေပြီး သူ့ အရင်ပုံစံ အတိုင်း စိတ်ဓာတ်ကလည်း ကြံ့ခိုင်နေတယ်လို့ ဒေါ်တဉ္ဇာဦးက ပြောပါတယ်။

ဦးမြအေးက သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကနေ တဆင့် မိသားစုကို ကျန်းကျန်းမာမာ ရှိစေဖို့နဲ့ သူလည်း ထောင်ထဲမှာ ကျန်းမာအောင် ကြိုးစားနေကြောင်း အမှာစကားပါးတယ်လို့ မိသားစုက ဘီဘီစီကို ပြောပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်တဲ့အတိုင်း ထောင်ထဲမှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းမယ် ဆိုတာ ယုံကြည်တယ်၊ ကျန်းမာရေကိုပဲ အဓိက စိုးရိမ်တယ်လို့ မိသားစုက ပြောပါတယ်။

တခြား ရုံးထုတ်သူများ

ဦးမြအေးနဲ့ တနေ့တည်း ရုံးထုတ်တဲ့ တခြားသူတွေထဲမှာ စာရေးဆရာ ဦးထင်လင်းဦးနဲ့ ဆရာမောင်သာချိုတို့လည်း ပါဝင်ပါတယ်။

သူတို့ နှစ်ယောက်စလုံးကို လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အမိန့်ချမယ်လို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ဦးထင်လင်းဦးရဲ့ အမှုကို ဖေဖော်ဝါရီ ၈ ရက်နေ့က နှစ်ဘက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပြီးဖြစ်လို့ လာမယ့် တပတ် ၂၂ ရက်နေ့မှာ အမိန့်ချမယ်လို့ သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသက်နောင်က ဘီဘီစီကို ပြောပါတယ်။

ဆရာဦးထင်လင်းဦးက စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က သူ့နေအိမ်ကို လက်နက်ကိုင်ထားတဲ့ စစ်သားတွေ အလုံးအရင်းနဲ့ လာရောက် ဖမ်းဆီးတာ ခံခဲ့ရပြီး နောက် တစ်လ အကြာ မတ်လ ၁ ရက်နေ့ မှာ အင်းစိန်ထောင်ကို ပို့ပြီး ပုဒ်မ ၅၀၅- က နဲ့ အမှုဖွင့်ခဲ့တာလို့ သူက ပြောပါတယ်။

သူ့ကို ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ပြဋ္ဌာန်းတဲ့ အဲဒီ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုတဲ့ အမှုကို တရားရုံးက ဘယ်လို အမိန့်ချမလဲ ဆိုတာကိုပဲ စောင့်ကြည့် နေတယ်လို့ ဆရာဦးထင်လင်းဦးက ပြောတယ်လို့ ရှေ့နေ ဦးသက်နောင်က ပြန်ပြောပြပါတယ်။

သူ့ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် အထိ ကျခံရနိုင်ပါတယ်။'