ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဓာတ်ဆီစျေးတက်တဲ့နိုင်ငံတွေထဲမှာ မြန်မာ ထိပ်ဆုံးလို့ စစ်တမ်းတွေ့
ယူကရိန်းစစ်ပွဲကြောင့် ကုန်စျေးနှုန်းတွေ အဆမတန် ထိုးတက်လာတဲ့ဒဏ်ကို ကမ္ဘာ့နိုင်ငံတွေ ခံစားနေကြရပါတယ်။
ဆင်းရဲတဲ့နိုင်ငံ တချို့မှာ ယူကရိန်းကို ရုရှားကျူးကျော်မှု မတိုင်ခင်က ပေးခဲ့ရတဲ့ စျေးတွေထက် နှစ်ဆ၊ သုံးဆ၊ လေးဆ အထိ ပိုပေးကြရတာတွေ ရှိတယ်လို့ စစ်တမ်းကောက်ယူ လေ့လာတဲ့ အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တချို့မှာ လောင်စာစျေးနဲ့ စားသောက်ကုန်စျေးတွေ သုံးဆကျော် တက်သွားတယ်လို့ ယူကရိန်းစစ်ပွဲ ဖြစ်ခဲ့ပြီးနောက်ကာလမှာ ActionAid အဖွဲ့ရဲ့ လေ့လာမှုအသစ်အရ တွေ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်လကျော်က ယူကရိန်းနိုင်ငံကို ရုရှားက စတင် ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစပြီး ကမ္ဘာပေါ်မှာ ကုန်စျေးနှုန်းတွေ တရိပ်ရိပ် တက်လာခဲ့တာက လူနေမှု အဆင့်အတန်းကို နောက်ထပ် နိမ့်ကျသွားစေတဲ့အပြင် အဆင်းရဲဆုံး သူတွေက ပိုပြီး ပြင်းပြင်းထန်ထန် ထိခိုက်ခံစားကြရတယ်လို့ ActionAid အဖွဲ့က ပြောပါတယ်။
မရှိမဖြစ် သုံးစွဲဖို့ လိုတဲ့ ကုန်ပစ္စည်းတွေ ကုန်စျေးနှုန်းတွေ ကြီးမြင့်တာနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံ အပါအဝင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသ က ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတချို့မှာ ActionAid အဖွဲ့က ကုန်ပစ္စည်း အမျိုးအစားအလိုက် စျေးနှုန်းတွေ ကောက်ယူပြီး စစ်တမ်း ပြုစုခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုန်သည်တွေနဲ့ လူမှုအသိုင်းအဝိုင်းထဲက အဓိက အခက်အခဲ ကြုံရသူ ၆၅၇ ယောက်ကို မေးမြန်းခဲ့ပြီး တွေ့လာတဲ့ အချက်အလက်တွေအရ အဲဒီ နိုင်ငံတွေမှာ လောင်စာ၊ စားသောက်ကုန်စျေးနဲ့ ဓာတ်မြေသြဇာ စျေးတွေ အကြီးအကျယ် စံချိန်တင် စျေးတက် လာခဲ့တာတွေ့ရပါတယ်။
နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေနဲ့ နိုင်ငံတချို့မှာ နဂိုက အခက်အခဲ ရင်ဆိုင်နေကြရတဲ့ ကြားထဲ အခုလို ကုန်စျေးနှုန်းတွေ မြင့်တက်လာတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ၊ ဆင်းရဲသား လူတန်းစားတွေက ပို အထိနာကြပါတယ်။
မြန်မာနိုင်ငံက မိုးပျံနေတဲ့ ကုန်စျေးနှုန်းတွေ
အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ် ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ပျမ်းမျှအားဖြင့် ဓာတ်ဆီစျေး တက်တဲ့နှုန်းက သုတေသန ပြုတဲ့ နိုင်ငံတွေထဲမှာ အများဆုံး ဖြစ်တယ်လို့ ActionAid က ဖော်ပြပါတယ်။
ဓာတ်ဆီစျေးက မြန်မာနိုင်ငံရဲ့ နေရာတချို့မှာတော့ ၂၅၃ ရာခိုင်နှုန်းအထိ တက်သွားတာ ဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။
ကုန်စျေးနှုန်းတွေ ပျမ်းမျှတက်တဲ့ နှုန်းထား
•ဓာတ်မြေသြဇာ - ၈၃ % ( တချို့နေရာတွေမှာ ၁၇၉ % )
•ဟင်းချက်ဆီ - ၆၄ % ( တချို့နေရာတွေမှာ ၁၈၅ %)
•ဓာတ်ဆီ - ၆၃ % ( တချို့နေရာ ၂၅၃ % ) သုတေသနပြုတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံက အများဆုံး စျေးတက်။
မြန်မာနိုင်ငံ နေရာတချို့မှာ စျေတက်နှုန်းများတဲ့ စားသောက်ကုန်များ
•ပေါင်မုန့် - ၄၉ %
•သကြား - ၇၅ %
•ရေ - ၁၀၀%
•ဆန် - ၃၆ %
ဆီသုံးများတဲ့ မြန်မာ နိုင်ငံမှာ ဟင်းချက်ဆီ စျေးကလည်း အများဆုံးစျေးတက်တဲ့ စားသုံးကုန်ပစ္စည်းထဲမှာ ပါဝင်ပါတယ်။ ပျမ်းမျှ ၆၄ ရာခိုင်နှုန်း စျေးတက်လာပြီး တချို့နေရာတွေမှာ ၁၈၅ ရာခိုင်နှုန်း အထိ စျေးတက်တာ တွေ့ရတယ်လို့ ဆိုထားပါတယ်။
စိုက်ပျိုးရေးအတွက် မျိုးစေ့နဲ့ ဓာတ်မြေသြဇာ ဝယ်နိုင်ဖို့ အရေးကြီးတဲ့ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးသမားတွေအတွက် သူတို့လုပ်ငန်းမှာ အဓိက အားထားသုံးစွဲကြတဲ့ ဓာတ်မြေသြဇာစျေးတွေ အဆမတန် စျေးတက်တယ်လို့ ညည်းညူကြတာ ကြားရပါတယ်။
ActionAid ရဲ့ စစ်တမ်း အရ ဓာတ်မြေသြဇာစျေးက ပျမ်းမျှ ၈၃ ရာခိုင်နှုန်း စျေးတက်ပြီး တချို့နေရာတွေမှာ ၁၇၉ ရာခိုင်နှုန်း အထိ စျေးတက်တယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံသားတွေ နေ့စဉ် အဓိက စားသုံးကြတဲ့ ဆန် စျေးကတော့ ပျမ်းမျှ ၃၆ ရာခိုင်နှုန်း စျေးတက်လို့ ActionAid က ကောက်ယူထားတဲ့ စစ်တမ်း အရ စျေးတက်တဲ့ အထဲမှာ အနိမ့်ဆုံးလို့ ပြောနိုင်ပါတယ်။
အခုလို စာရင်းဇယားတွေ ကောက်တဲ့ နေရာမှာ နိုင်ငံတစ်နိုင်ငံလုံးကို လွှမ်းခြုံ ကောက်ခံနိုင်တာမျိုး မဟုတ်ဘဲ ActionAid အဖွဲ့ အနေနဲ့ အချက်အလက် ရနိုင်တဲ့ လက်လှမ်းမီရာ ဒေသတွကနေ ကောက်ယူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
လောင်စာဆီစျေးနှုန်း တက်တဲ့ အတွက် သယ်ယူပို့ဆောင်ခ စရိတ်တွေလည်း တက်လာပြီး နောက်ဆက်တွဲ အနေနဲ့ စားသောက်ကုန် စျေးနှုန်းတွေပါ လိုက်တက်လာတာ ဖြစ်ပါတယ်။
ကုန်စျေးနှုန်း တက်လို့ အဓိက ထိခိုက်သူများ
ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပုံမှန် အခြေ အနေမှာတောင် မိသားစုထဲမှာ မိခင်တွေ၊ အမျိုးသမီးတွေက အနစ်နာခံကြသူတွေဖြစ်လို့ ကုန်စျေးနှုန်းတွေ တက်လို့ စားဝတ်နေရေး ကျပ်တည်းလာပြီ ဆိုရင် အိမ်ထောင်စု တစ်စုမှာ မိခင်တွေက အထိခိုက်ဆုံး ဖြစ်တာကို လေ့လာ စစ်တမ်းကောက်ယူမှုတိုင်းမှာ တွေ့ရတယ်လို့ ActionAid က ပြောပါတယ်။
အခုတကြိမ်မှာလည်း စားသောက်ကုန်စျေးနှုန်းတွေ ထိုးတက်လာတဲ့ ဂယက်ကြောင့် စားစရာမလုံလောက်တဲ့ အခြေအနေ ကြုံနေကြရပြီး စားဖို့ မလောက်ရင် သူတို့ပဲ လျှော့စားကြတယ်လို့ စစ်တမ်းမှာ ပါဝင်သူ အမျိုးသမီး အများစုက ActionAid ကို ပြောတယ်လို့ ဆိုပါတယ်။
အိမ်ထောင်ဦးစီး လုပ်သူက အလုပ်လုပ်ပြီး ရှာဖွေလို့ ရတဲ့ ငွေက မိသားစု အတွက် မလောက်ငဘူး ဆိုရင် အိမ်က မိခင်တွေက လှည့်ပတ် ချေးငှားပြီး ဖြေရှင်းကြရတဲ့ အတွက် နဂိုက ရှိပြီးသား အကြွေးတွေမှာ နောက်ထပ် အကြွေးတွေ ဆင့်လာပြီး အကြွေး သံသရာလည်နေကြပြန်တယ်လို့ ဆိုပါတယ်။
အစာရေစာငတ်မွတ်တဲ့ အထိ ဆိုးရွားတဲ့ ဘဝများ
ကမ္ဘာ့ နိုင်ငံတွေမှာ ပေါင်မုန့်နဲ့ ပါစတာ လို ဂျုံကလုပ်တဲ့ စားစရာ စျေးနှုန်း ၅၀ ရာခိုင်နှုန်း တက်သွားချိန်မှာ ActionAid အဖွဲ့က သုတေသန လုပ်ခဲ့တဲ့ ၁၃ နိုင်ငံထဲ ပါဝင်တဲ့ လက်ဘနွန် နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရှီ လကုန်ပိုင်းက ၂၇၅ ရာခိုင်နှုန်း အထိ စျေးပိုပေးခဲ့ကြရ ပါတယ်။
လက်ဘနွန်က ယူကရိန်းနဲ့ ရုရှားက တင်သွင်းကုန်တွေကို အဓိက မှီခို အားထားနေရတာဖြစ်ပါတယ်။
ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတချို့မှာလည်း လောက်ငအောင် မစားနိုင်တဲ့ အဖြစ်တွေ ရှိနေပါတယ်။
မိုးခေါင်ရေရှားမှု ကာလကြာရှည် ဖြစ်နေတဲ့ အတွက် လူပေါင်း သန်း ၂၀ လောက် ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတဲ့ အာဖရိက ဦးချိုဒေသနဲ့ ဆိုမာလီယာနိုင်ငံတို့မှာလည်း ပေါင်မုန်း တစ်လုံးကို နှစ်ဆကျော် စျေးပိုပေးပြီး ဝယ်ကြရပါတယ်။ ၁၆၃ ရာခိုင်နှုန်း စျေးတက်တာပါ။
စားသုံးဆီစျေးကလည်း ပျမ်းမျှအားဖြင့် ၆၀ ရာခိုင်နှုန်းလောက် တက်ပါတယ်၊ ဒါပေမဲ့ ဆိုမာလီယာနိုင်ငံရဲ့ တချို့နေရာတွေမှာတော့ ၂၆၀ ရာခိုင်နှုန်းလောက် အထိ စျေးတက်တာ ရှိတယ်လို့ ActionAid က ဆိုပါတယ်။
စားစရာဝယ်ဖို့ ပိုက်ဆံထွက်လာအောင် သားသမီးတွေကို ကျောင်းထုတ်ရတယ်လို့ မိခင်တချို့က ပြောကြပြီး တစ်ရက်ကို မိသားတစု တနပ်ပဲ စားကြရတဲ့ အဖြစ်တွေ ရှိတာကို ActionAid ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ဆိုမာလီ အမျိုးသမီး တစ်ယောက်က သူ့ကလေး ဗိုက်ဆာတာကို မကျွေးနိုင်လို့ ရေနွေးကြမ်းပဲ တိုက်ရတယ်လို့ ပြောတဲ့ အကြောင်းလည်း ရေးထားပါတယ်။
ကုန်စျေးနှုန်းတွေ တက်လာတဲ့ အတွက် အဓိက ထိခိုက်ရတာကတော့ ဆင်းရဲသား လူတန်းစားတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်တဲ့ စစ်တမ်းတိုင်းမှာ တွေ့ရပါတယ်။
မြန်မာ နိုင်ငံမှာလည်း စားကုန်စျေးနှုန်းတွေ တက်လာတဲ့ အတွက် အာဟာရပြည့်မီအောင် ဆိုတာထက် ဗိုက်ပြည့်တဲ့ အစားအစာတွေ ကိုသာ ဝယ်ယူ စားသုံးကြရတာ ဖြစ်လို့ အရည်အသွေး မပြည့်မီတဲ့ စားစရာတွေ စားကြရပြီး အာဿာရ ချို့တဲ့တဲ့ ပြဿနာတွေ နောက်ဆက်တွဲ ဖြစ်လာကြတယ်လို့ ActionAid က ပြောပါတယ်။
ပြီးခဲ့တဲ့လက ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် FAO က ကမ္ဘာ့ ကုန်စျေးနှုန်း မြင့်တက်လာမှု အခြေပြဇယားကို ထုတ်ပြန်ခဲ့ပြီး နောက်တစ်လ မှာ ActionAid အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက် အခု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။