အကျပ်အတည်း မျိုးစုံကြောင့် ပဲမျိုးစုံ လျှော့စိုက်ခဲ့ရ၊ ပဲအထွက် တန်သိန်းချီ လျော့သွား

နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုတွေနဲ့ စက်သုံးဆီဈေးမြင့်တက်မှုတွေကြားမှာ စိုက်ပျိုးတောင်သူတွေဟာ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပဲမျိုးစုံစိုက်ပျိုးတာကိုလျှော့ချ စိုက်ပျိုးလာရတာတွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ မတ်လမှာ စတင်စိုက်ပျိုးကြတဲ့မတ်ပဲကို ပုံမှန်စိုက်နေကျ ဧကထက် ထက်ဝက်လျှော့ပြီး စိုက်ပျိုးခဲ့ကြရတယ်လို့ ပဲစိုက်တဲ့ဒေသထဲပါတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသအတွင်းက တောင်သူ တွေက ပြောလာပါတယ်။

ဒါ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လည်း စိုက်ပျိုးပြီး လယ်ဧကတွေကို ပစ်ထားရတာတွေ ဂရုမစိုက်နိုင်တာတွေ ရှိတဲ့အတွက် အထွက်နှုန်းမကောင်းတာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတ်ပဲက နှစ်စဉ် တန်ချိန် ၆ သိန်းလောက်ထွက်ရှိပြီး အခုအခါမှာတော့ တန်ချိန်လေးသိန်းနဲ့ ငါးသိန်းကြားမှာသာ ထွက်ရှိတယ်လို့ သိရပါတယ်။

ပဲစင်းငုံကလည်း ပုံမှန် တန်ချိန် ၃ သိန်းနီးပါးလောက်ထွက်ရှိရာက အခုနှစ်မှာတော့ ၂ သိန်းဝန်းကျင်သာထွက်ရှိတယ်လို့လည်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ပဲမျိုးစုံကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ အဓိကထား စိုက်ပျိုးကြပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ တန်ချိန်သောင်းဂဏန်းလောက်သာ စိုက်ပျိုးကြတယ်လို့လည်း စိုက်ပျိုးတောင်သူတွေထံက သိရပါတယ်။

ဒီနှစ် မတ်ပဲရာသီကတော့ ရိတ်သိမ်းရောင်းချ ပြီးသွားပြီ ဖြစ်ပြီး နောက်လာမယ့် မတ်ပဲစိုက်ရာသီဖြစ်တဲ့ ၁၀ လပိုင်း ဝန်းကျင်မှာတော့ စိုက်ပျိုးဖို့ အခြေအနေစောင့်ကြည့်ရမယ်လို့လည်း စိုက်ပျိုးတောင်သူတွေက ဆိုကြ ပါတယ်။

စိုက်စရိတ်မျိုးစုံတက်လာတာ၊ အလုပ်သမားရှားပါးလာတာ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ ရှိလာတာတွေကြောင့် စိုက်နိုင်တာထက် အများကြီး လျှော့ချစိုက်ပျိုးခဲ့ရပြီး စားဝတ်နေရေး အဆင်ပြေရုံပဲ စိုက်ပျိုးခဲ့ရတယ်လို့ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ပဲစိုက်ပျိုးရတဲ့ အခြေအနေကို မြောင် မြို့က မတ်ပဲ စိုက် တောင်သူတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယက မြန်မာ့ပဲ သူတို့နိုင်ငံထဲ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို တိုးမြှင့်လိုက်သလို ၅ နှစ်ဆက်တိုက် မြန်မာပြည်က မတ်ပဲ တန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းဝယ်ယူဖို့ နှစ်ဖက် အစိုးရကြား နားလည်မှုသဝဏ်လွှာ ရေးထိုးထားတာလည်း ရှိနေပါတယ်။

ပြည်ပကို ပဲတင်သွင်းခွင့်တွေရှိနေပေမဲ့ သင်္ဘောတင်ခတွေ ၄ ဆလောက် မြင့်တက်သွားလို့ အခက်အခဲတွေရှိလာတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း အိန္ဒိယကို တင်ပို့တဲ့ စျေးနှုန်းတွေ အခုလို မြင့်တက်လာတာလို့လည်း သူက ဆိုပါတယ်။

စားသုံးသူရေးရာဦးစီးဌာနရဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အိန္ဒိယကို မတ်ပဲ ၆၉ ရာခိုင်နှုန်း ပဲစင်းငုံ ၉၈ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာလည်း မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပြီး အိန္ဒိယဘက်ကို အများဆုံးရောင်းချခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။