ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီးပွားရေးကျုံ့မှုနဲ့ မြန်မာ့စျေးကွက်ကမောက်ကမဖြစ်စဥ်
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
နိုင်ငံရေးမငြိမ်မသက်မှုကြောင့် စီးပွားရေးပျက်ပြားတဲ့အခါ စျေးနှုန်းတွေ ခေါင်ခိုက်အောင် မြင့်တက်လာတတ်တဲ့ အစဥ်အလာရှိပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်စဉ်မှာတော့ စျေးနှုန်းတွေမြင့်တက်မလာဘဲ လူတွေစီးပွားရေးကျပ်တည်းဒုက္ခရောက်ကြတာဟာ ထူးခြားတဲ့အဖြစ်အပျက်တခုပါ။
စားသောက်ကုန်အများစု စျေးနှုန်းကျဆင်း
ရွှေစျေး၊ ဒေါ်လာစျေးတွေ ထိုးတက်နေပေမဲ့ စားသုံးဆီမှတပါး စားသောက်ကုန် တော်တော်များများ စျေးနှုန်းထိုးကျနေပါတယ်။
မွေးမြူရေးထွက်ကုန်တွေဖြစ်တဲ့ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ကြက်ဥစျေးတွေ ကျဆင်းနေကြပါတယ်။ အသားငါးစျေးထိုးကျတဲ့အတွက် မွေးမြူရေးသမားတွေအတွက် ရပ်တည်ဖို့ခက်ခဲလောက်အောင် စျေးနှုန်းတွေထိုးကျနေတယ်လို့ မန္တလေးမြို့က ကြက်မွေးမြူရေးသမားတဦးက ဘီဘီစီကိုပြောပါတယ်။
"အရင်က ကြက်သားစျေးက ၇၀၀၀၊ ၈၀၀၀ ကျပ်စျေးလောက်ရှိရာကနေ အခုအခါ ကြက်သားစျေးက ၄၀၀၀ လောက်အထိကျသွားပါတယ်။ အဲဒီစျေးနှုန်းက ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ထက်တောင် နည်းနေတော့ အရှုံးပေါ်နေပါတယ်။ ကြက်ခြံနဲ့တခြားရင်းနှီးမြှုပ်နှံထားတာတွေကို လုံးလုံးဖျက်မပစ်ချင်လို့ အရှုံးခံပြီး ဆက်လုပ်နေရတဲ့ အနေအထားပါ။ ဒါပေမဲ့ ကြာရှည်အရှုံးခံဖို့ဆိုတာ မလွယ်ပါဘူး။"
ဒါပေမဲ့ ထုတ်လုပ်တဲ့နေရာမှာသာ စျေးနှုန်းသိသိသာသာ ကျဆင်းပေမဲ့ စားသုံးသူတွေဆီရောက်တဲ့အချိန်မှာတော့ စျေးနှုန်းက သိပ်သိသိသာသာကြီးကျဆင်းမသွားပါဘူး။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ စားသောက်ကုန်စျေးနှုန်းတွေဟာ သိသိသာသာ ကျမသွားပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သယ်ယူပို့ဆောင်ရတာက ပစ်ခတ်မှုတွေ ပဋိပက္ခတွေကြောင့် အခက်အခဲရှိနေသလို၊ စက်ဆီဒီဇယ်ဆီစျေးနှုန်းတွေကလည်း ကြီးမြင့်နေတဲ့ အတွက်ကြောင့် သယ်ယူပို့ဆောင်ခစရိတ်ကြီးမြင့်နေလို့ပါ။
မွေးမြူရေးသမားတွေလိုပဲ စိုက်ပျိုးရေးသမားတွေလည်း အလားတူဒုက္ခမျိုးကို ရင်ဆိုင်ကြရပါတယ်။
"နဂါးမောက်သီးတလုံး ကျပ် ၇၀၊ ၈၀ ဆိုတာ တခါမှမကြားဖူးတဲ့စျေးနှုန်းပါ။ အရင်တုန်းကဆိုရင် ပေါ်ချိန်မှာ ၃၀၀၊ ၄၀၀ ကျပ်အနည်းဆုံးရှိပါတယ်။ ကျွန်တော်သိတဲ့ ပန်းစိုက်တောင်သူတွေဆိုရင် အကုန်လုံးအရှုံးပေါ်ကြပါတယ်။ သစ္စာပန်းတခက်ကို ၅ ကျပ်နှုန်းတောင်မရတော့ပါဘူး။ သစ္စာပန်းခင်းကြီးကို ကျွန်တော်သွားကြည့်တာ လှလိုက်တာဗျာ။ ဒါပေမဲ့ ပန်းခင်းကြီးကို အလှပဲထိုင်ကြည့်နေရတယ်။ ပန်းခူးဖို့ ပန်းစည်းစည်းဖို့ အလုပ်သမားခတောင် ရမှာမဟုတ်တော့ ဒီအတိုင်းပဲထိုင်ကြည့်နေရတယ်။ ရက်တော်တော်ကြာတော့ ပန်းတွေ အကုန်ညှိုးခြောက်ကုန်ပြီး တော်တော်စိတ်ဆင်းရဲဖို့ကောင်းပါတယ်ဗျာ။"
မေမြို့ဘက်က စိုက်ပျိုးရေးသမားတွေနဲ့နီးစပ်သူတယောက်က ပြောပြတာပါ။
ရှမ်းပြည်ထွက် ခရမ်းချဥ်သီးနဲ့ ခရမ်းသီးတွေကို ဝယ်ယူမည့်သူမရှိလို့ လမ်းဘေးမှာ အပုံလိုက်လွှင့်ပစ်ထားကြတာကို အောင်ပန်း၊ ကလော၊ ညောင်ရွှေဒေသတွေမှာ တွေ့မြင်နေရပါတယ်။ ဂေါ်ဖီထုပ်၊ မုန်ညှင်းထုပ်နဲ့ တခြားဟင်းသီးဟင်းရွက်တွေရဲ့စျေးနှုန်းဟာလည်း သယ်ယူပို့ဆောင်ခတောင် ကာမိအောင် စျေးမရတော့တဲ့အတွက် လမ်းဘေးမှာ လွှင့်ပစ်ကြရပါတယ်။
အညာဒေသထွက်ကုန်ဖြစ်တဲ့ ကြက်သွန်နီစျေးဟာလည်း ရန်ကုန်စျေးတောင်မှ တပိဿာကို ၃၀၀ ကျပ်နဲ့ ၅၀၀ ကျပ် စျေးနှုန်းသာရှိတဲ့အတွက် တောင်သူတွေ အကြီးအကျယ်အရှုံးပေါ်နေပါတယ်။
ထုတ်လုပ်သူအများစုဟာ စရိတ်ကြေလောက်အောင် စျေးမရတဲ့အတွက် ဝက်ဝက်ကွဲအရှုံးပေါ်ပြီး ထွက်ကုန်တွေကို လမ်းဘေးနဲ့ချောက်ထဲသွန်ပစ်နေကြရချိန်မှာ စားသုံးသူပြည်သူတချို့ စားစရာမရှိဘဲ ငတ်မွတ်နေကြတဲ့အတွက် အဲသလိုအခြေအနေမျိုးကို စျေးကွက်ကမောက်ကမဖြစ်စဥ်လို့ ဘောဂဗေဒသမားတွေက ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။
မန္တလေးမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ စီးပွားရေးသမားတယောက်ကလည်း သူ့ရဲ့အခက်အခဲကိုပြောပြပါတယ်။
"ဆိုင်ခန်းငှားခက မပေးဘဲထားလို့မရပါဘူး။ ကုန်ကျစရိတ်က ဆက်ရှိနေပါတယ်။ ဆိုင်မပိတ်ချင်တော့ အလုပ်သမားတွေကိုလည်း လခဆက်ပေးနေရပါတယ်။ ဒါပေမဲ့ စျေးကောင်းကောင်းမရောင်းရတော့ ပစ္စည်းတွေတော်တော်များများလည်း expired ဖြစ်ကုန်တော့ အရှုံးပိုပေါ်ပါတယ်။"
ဒီလိုဖြစ်စဥ်မျိုးပေါ်ပေါက်တာဟာ ဝယ်လိုအားဇောက်ထိုးကျဆင်းနေတဲ့ ထူးခြားအခြေအနေကြောင့် ဖြစ်ပေါ်တာပါ။
အထွေထွေဝယ်လိုအားကျဆင်းမှု
ဘောဂဗေဒအသုံးအနှုန်းအရ ဝယ်လိုအား demand လို့ခေါ်တာဟာ အရပ်သားအသုံးအနှုန်းအရဆိုရင် ဝယ်အားပဲ ဖြစ်ပါတယ်။ အဝယ်မလိုက်၊ ဝယ်အားကျဆင်းတာကို ဝယ်လိုအားကျဆင်းတယ်လို့ ဘောဂဗေဒဘာသာရပ်မှာ သုံးနှုန်းလေ့ရှိပါတယ်။
ဝယ်လိုအားကျဆင်းမှုဟာ ဒေသတခု၊ နယ်ပယ်တခု၊ ကုန်စည်တမျိုးအပေါ်မှာသာ ဖြစ်ပေါ်တာမဟုတ်ဘဲ၊ ပစ္စည်းအားလုံးသို့မဟုတ် ပစ္စည်းတော်တော်များများအတွက် ဝယ်လိုအားဟာ ဒေသအနှံ့အပြားမှာ ကျဆင်းလာရင် အဲသလိုကျဆင်းမှုကို အထွေထွေဝယ်လိုအားကျဆင်းမှု သို့မဟုတ် စုစုပေါင်းဝယ်လိုအားကျဆင်းမှု the decrease of aggregate demand လို့ ခေါ်လေ့ရှိပါတယ်။
စုစုပေါင်းဝယ်လိုအားသီအိုရီ
ဘောဂဗေဒဘာသာရပ်မှာ စုစုပေါင်းဝယ်လိုအားကို ပုံသေနည်းနဲ့တွက်ချက်ဖော်ပြလေ့ရှိပါတယ်။ အဲဒီပုံသေနည်းကတော့ AD=C+I+G+(X-M) ဖြစ်ပါတယ်။
AD = စုစုပေါင်းဝယ်လိုအား
C = စားသောက်ကုန်နဲ့ ဝန်ဆောင်မှုတွေအတွက် အများပြည်သူရဲ့သုံးစွဲမှုပမာဏ
I = စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု
G = အများပြည်သူသုံး စားသောက်ကုန်နဲ့ ဝန်ဆောင်မှုတွေ အတွက် အစိုးရရဲ့ သုံးစွဲမှု
X = ပြည်ပပို့ကုန်တန်ဖိုး
M = ပြည်တွင်းသွင်းကုန်တန်ဖိုး
ဒီသီအိုရီနဲ့ ယှဥ်ထိုးကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အားလုံးကျဆင်းနေတာကို တွေ့မြင်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ စစ်ရေးပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် သိသိသာသာ ကျဆင်းသွားပါတယ်။ အများပြည်သူသုံး စားသောက်ကုန်နဲ့ ဝန်ဆောင်မှုအတွက် အစိုးရရဲ့ သုံးစွဲမှုဆိုရာမှာ အဓိက သုံးစွဲမှုက ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲမှုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဲဒီအခန်းကဏ္ဍတွေ အတွက်အစိုးရရဲ့ သုံးစွဲမှုဟာ နည်းပါးနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
နယ်စပ်ကုန်သွယ်ရေးတွေပျက်ပြားပြီး ပို့ကုန်လုပ်ငန်းကို အကြီးအကျယ်ထိခိုက်နေပါတယ်။ အသားတင် တင်ပို့ကုန်လို့ခေါ်တဲ့ (ပို့ကုန်ထဲကနေ သွင်းကုန်နုတ်တဲ့ပမာဏ) ဟာလည်း ကျဆင်းနေမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။
အဆိုးဆုံးကျဆင်းမှုကတော့ စားသောက်ကုန်နဲ့ ဝန်ဆောင်မှုတွေအတွက် အများပြည်သူရဲ့သုံးစွဲမှုပမာဏဆိုတဲ့ C ဖြစ်နိုင်ပါတယ်။
ချွေတာခြင်း
အများပြည်သူသုံးစွဲမှုကျဆင်းခြင်း အကြောင်းတွေထဲမှာ အဓိကအကြောင်းတခုကတော့ ချွေတာလာကြတဲ့ အချက်ဖြစ်ပါတယ်။
"လူတွေက မသုံးမဖြစ်လိုအပ်တဲ့နေရာက လွဲပြီး ကျန်တဲ့နေရာတွေမှာ သိပ်မသုံးကြတော့ဘူးဗျ။ အဲဒါကြောင့် သစ္စာပန်းလိုဟာမျိုးကို လူတွေက အဝယ်နည်းလာကြတယ်။ အလှကုန်ပစ္စည်းလိုဟာမျိုးတွေကို အဝယ်နည်းလာကြတယ်။ အပျော်အပါးကိစ္စတွေကို လျှော့လာကြတယ်။ ကြော်ငြာလုပ်ငန်းလိုဟာမျိုးတွေက ရပ်ထားကြရတယ်။ ဒီအချိန်မှာ ဆန်နဲ့ဆီပဲ ရောင်းကောင်းတယ်ဗျ။"
ရန်ကုန်ကစီးပွားရေးသမားတဦးက ပြောပြတာ ဖြစ်ပါတယ်။
အလုပ်အကိုင်ရှားပါးခြင်း
စစ်ရေးပဋိပက္ခနဲ့ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားကြရပါတယ်။ စောစောက ရန်ကုန်က စီးပွားရေးသမားပြောသလိုပဲ ကြော်ငြာလုပ်ငန်းလို လုပ်ငန်းမျိုးက လုံးဝရပ်ဆိုင်းထားရပါတယ်။ စာအုပ်ထုတ်ဝေတဲ့လုပ်ငန်းမျိုး၊ ရုပ်ရှင်ထုတ်လုပ်တဲ့လုပ်ငန်းမျိုး၊ ဖျော်ဖြေမှုလုပ်ငန်းအမျိုးမျိုးတွေ ပိတ်ထားရသလို လုပ်ငန်းတော်တော်များများက အလုပ်မကောင်းဘဲ စီးပွားရေးကျဆင်းနေကြပါတယ်။
တချို့အထည်ချုပ်စက်ရုံတွေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းကုန်ပါတယ်။
"တချို့စက်ရုံတွေ ပိတ်ကုန်တာရှိပါတယ်။ အဲသလိုပိတ်သွားတဲ့အချိန်မှာ တချို့အလုပ်သမားတွေဆိုရင် လျော်ကြေးတောင် မရတာမျိုးလည်း ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ ဘယ်သူ့ကိုသွားတိုင်ရမှန်းလည်း မသိပါဘူး။" လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ မသက်ထားဆွေကဆိုပါတယ်။
"ကျွန်မတို့ဘက်မှာ စက်ရုံတရုံ မီးလောင်သွားပါတယ်။ မီးရှို့ခံရတာလား ဘာလားဆိုတာတော့ ကျွန်မ သေသေချာချာ မသိပါဘူး။ အဲဒီစက်ရုံက အလုပ်သမားတွေလည်း အလုပ်ပြန်မရကြပါဘူး" လို့လည်း လှိုင်သာယာက အထည်ချုပ်အလုပ်သမားတဦးဖြစ်တဲ့ မအေးချမ်းမြေ့ကဆိုပါတယ်။
အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြတဲ့အတွက် ငွေကြေးသုံးစွဲနိုင်မှုပမာဏဟာ ကျဆင်းလာပါတယ်။
အစိုးရဝန်ထမ်းတော်တော်များများဟာ CDM လို့ခေါ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်တဲ့ အလုပ်ကိုဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ အဲဒါကြောင့် လခမရဘဲ အလုပ်ဖြုတ်ခံထားရသူအများအပြားရှိနေပါတယ်။ သူတို့ဟာလည်း လောလောဆယ် အလုပ်လက်မဲ့များသဖွယ် ဖြစ်နေတဲ့အတွက် ငွေကြေးသုံးစွဲနိုင်မှုပမာဏ ကျဆင်းနေပါတယ်။
ဘဏ်စနစ်အကျပ်အတည်း
ဘဏ်တွေကနေ ငွေကိုလုံလောက်အောင် ထုတ်မရကြတဲ့အတွက် စျေးကွက်ထဲမှာ လည်ပတ်ငွေပမာဏ နည်းပါးသွားပါတယ်။ အဲဒါကြောင့်လည်း ငွေကြေးသုံးစွဲမှု ကျဆင်းပါတယ်။ ငွေထုတ်ရတာ ခက်ခဲတဲ့အတွက်၊ ဘဏ်မှာရှိတဲ့ ငွေအပေါ် လူတွေရဲ့ ယုံကြည်စိတ်ချမှုနည်းပါးတဲ့အတွက် လူတွေဟာ ငွေကြေးသုံးစွဲမှု နည်းပါးလာပါတယ်။ ဒါဟာလည်း စားသုံးသူတွေရဲ့ ဝယ်လိုအားကျဆင်းရခြင်း အကြောင်းတချက် ဖြစ်ပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်း
စစ်ရေးပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျပ်ငွေတန်ဖိုးဟာ သိသိသာသာ ကျဆင်းလာပါတယ်။ အခုချိန်မှာ ဒေါ်လာစျေးဟာ ၁၈၀၀ ကျပ်ကျော်သွားပါပြီ။ အာဏာသိမ်းတဲ့ ၇ လတာကာလအတွင်းမှာ ကျပ်ငွေတန်ဖိုး တဒေါ်လာမှာ ၄၀၀ ကျပ် ကျော်ကျော် ကျဆင်းသွားတာ ဖြစ်ပါတယ်။
ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေတဲ့အတွက် လူအများအပြားဟာ ကျပ်ငွေကို လက်ဝယ်ကိုင်ဆောင်သုံးစွဲတာ လျှော့ချပြီး ရွှေနဲ့ဒေါ်လာသို့မဟုတ် တခြားငွေမာတွေကို ဝယ်ယူသိုလှောင်လာကြတဲ့အတွက် စျေးကွက်အတွင်း လည်ပတ်သုံးစွဲတဲ့ ကျပ်ငွေပမာဏ ကျဆင်းလာပါတယ်။ ဒါဟာလည်း စုစုပေါင်းဝယ်လိုအားကျဆင်းရခြင်း အကြောင်းအချက်တခု ဖြစ်ပါတယ်။
အကျိုးဆက်
စုစုပေါင်းဝယ်လိုအားကျဆင်းတဲ့အတွက် ကုန်စျေးနှုန်းက တက်မလာပါဘူး။ အရပ်စကားနဲ့ရှင်းအောင် ပြောရရင် ဝယ်သူသိပ်မရှိတော့ စျေးတက်တောင်းလို့ မရပါဘူး။ စျေးတက်တောင်းလို့မရတဲ့အတွက် ကုန်ထုတ်လုပ်သူတွေ အရှုံးပေါ်ကြပါတယ်။ ထုတ်လုပ်ရေးအတွက် သူတို့အသုံးပြုကြရတဲ့ ကုန်ကြမ်းစျေး၊ ကုန်ထုတ်ကိရိယာစရိတ်၊ မြေငှားခအခန်းငှားခစရိတ်၊ အလုပ်သမားစရိတ်တွေက စျေးမကျပါဘူး။ ဒါ့ကြောင့် ကုန်ထုတ်လုပ်သူတွေရဲ့ ထွက်ကုန်တွေဟာ လမ်းဘေးလွှင့်ပစ်ရတာတွေ၊ ကားခအကုန်အကျခံပြီး ချောက်ထဲ၊ ချောင်းထဲ၊ မြစ်ထဲကို သွားရောက်စွန့်ပစ်ရတာတွေ ဖြစ်နေပါတယ်။
စားသောက်ကုန်တွေကို အဟောသိကံအဖြစ်ခံပြီး လွှင့်ပစ်နေရချိန်မှာ လူအချို့က ငတ်ပြတ်ဆင်းရဲနေတာဟာ စစ်ကောင်စီခေတ်ရဲ့ မကြုံစဖူးထူးခြားတဲ့ စီးပွားရေးဖြစ်စဥ်ပါ။
စက်တင်ဘာလကနေ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က (ဇူလိုင်လကုန်တုန်းက) ခန့်မှန်းထားပါတယ်။ အခုအချိန်ဟာ အဲဒီကာလရဲ့အစပဲရှိပါသေးတယ်။