အလင်္ကာပုလဲပန်း၊ မြန်မာစာပေရဲ့ အငြင်းပွားဆုံး “တ” နဲ့ “တစ်” အပိုင်း (၂)

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာစာပေမှာ “တ” အသုံးကိုထောက်ခံသူနဲ့ “တစ်” အသုံးကိုထောက်ခံသူတွေ ကွဲလာကြတဲ့အခါ နှစ်ဖက်စလုံးက ကိုယ့်အမြင်ကိုယ် သက်သေထူကြပါတယ်။ အများဆုံး သက်သေထူ အထောက်အထားပြဖို့ကြိုးစားကြတာကတော့ ဘယ်တုန်းက ဘယ်လိုရေးခဲ့တယ်ဆိုတဲ့သက်သေမျိုးတွေဖြစ်ကြပါတယ်။
ရှေးကအရေးအသားများ
ငွေစက္ကူဟောင်းတွေမှာ “တကျပ်” လို့ရေးထားတာတွေကို တချို့ကထောက်ပြကြပါတယ်။ ပူးတွဲပုံတွေမှာဖော်ပြထားတဲ့ ငွေစက္ကူဟောင်းတွေကို ကြည့်ပါ။ မှန်ပါတယ်။ ၁၉၅၀ ကျော်ကာလတွေမှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေမှာ “တစ်ကျပ်” လို့မရေးဘဲ “တကျပ်” လို့ရေးခဲ့ပါတယ်။ ဒီ့ထက်စောတဲ့ စာပေအထောက်အထားတွေမှာလည်း “တကောင်” “တယောက်” လို့ ရေးခဲ့တဲ့အထောက်အထားအများအပြားရှိပါတယ်။ ဒါပေမဲ့ ရှေးကရေးခဲ့ဖူးတိုင်း မှန်ပြီလို့ ဆိုနိုင်ပါသလား။ မှန်သလား မှားသလား ဆိုတာကို ရှေးကရေးခဲ့ခြင်း မရေးခဲ့ခြင်း အပေါ်မှာ မူတည်ဆုံးဖြတ်မယ်ဆိုရင် သဘာဝမကျပါဘူး။ ရှေးကလူတွေလည်း မှားကောင်းမှားခဲ့နိုင်တာပဲလို့ ယူဆလို့ ရပါတယ်။ တကယ်လို့ “တ” ကို နှစ်သက်သူတွေက ရှေးက “တ” လို့ရေးလို့ “တ” ကအမှန်ပါဆိုပြီး ဆုပ်ကိုင်ငြင်းမယ်ဆိုရင် “တစ်” ကို နှစ်သက်သူတွေက ပုဂံခေတ်က ကျောက်စာတွေကို ပြပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပုဂံခေတ်အစောပိုင်းကျောက်စာတော်တော်များများမှာ တစ်အရေးအသားကို စွဲစွဲမြဲမြဲအသုံးပြုခဲ့ပါတယ်။ မြစေတီကျောက်စာထဲမှာ “ဘုရားသခင်သာသနာ အနှစ်တစ်ထောင့်ခြောက်ရာနှစ်ဆယ့်ရှစ်နှစ်လွန်လေပြီးရကား” လို့ စာကြောင်းရေ ၁ နဲ့ ၂ မှာ ရေးထိုးထားပါတယ်။ တစ်ထောင့်ခြောက်ရာမှာ တဝမ်းပူစသတ် တစ် နဲ့ ရေးသားထားပါတယ်။ စာကြောင်းရေ ၆ မှာလည်း “ထိုမင်း၏ ပယ်မယားတစ်ယောက်သော်ကား” လို့ ရေးထားပါတယ်။ တစ်ယောက်ဆိုတဲ့နေရာမှ စသတ်ထည့်ထားပါတယ်။
စာကြောင်းရေ ၃၁ နဲ့ ၃၂ တို့မှာလည်း သက်မုနလွန်တစ်ရွာ၊ ရပယ်တစ်ရွာ၊ ယှန်ဗိုတစ်ရွာဆိုပြီး တစ်တွေကို ဆင့်ကာဆင့်ကာ သုံးစွဲထားပါတယ်။ မြစေတီကျောက်စာမူကွဲနှစ်ချပ်စလုံးမှာ အခုဖော်ပြတဲ့အရေးအသားတွေနဲ့ပတ်သက်ပြီး ကွဲလွဲမှုမရှိကြောင်း ဆရာကြီးဦးငြိမ်းမောင်ပြုစုတဲ့ ရှေးဟောင်းမြန်မာကျောက်စာများ ပထမတွဲပါ မြစေတီကျောက်စာနှစ်ချပ်လုံးကို နှိုင်းယှဥ်ဖတ်ရှုကြည့်ခြင်းအားဖြင့် သိရှိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ မှန်သလားမှားသလားဆိုတာကို ရှေးကရေးခဲ့ခြင်းမရေးခဲ့ခြင်းအပေါ်မှာ မူတည်ဆုံးဖြတ်မယ်ဆိုရင် သဘာဝမကျဘူးလို့ အထက်မှာပြောခဲ့ပါတယ်။ ငွေစက္ကူပေါ်မှာရေးတိုင်းအမှန်လို့ မဆုံးဖြတ်နိုင်ကြောင်းပြောပြီး မြစေတီကျောက်စာမှာပါတာကတော့ ပိုရှေးကျလို့မှန်ကြောင်းပြောရင် တရားမှာ မဟုတ်ပါဘူး။ ငွေစက္ကူပေါ်ရေးထားတာကို အထောက်အထားပြပြီး ဒါအမှန်လို့ အပိုင်မပြောနိုင်သလို၊ မြစေတီကျောက်စာမှာရေးထားတာကို အထောက်အထားပြပြီး ဒါအမှန်လို့လို့ အပိုင်ပြောဖို့လည်း မဖြစ်နိုင်ပါဘူး။
ရှေးက “တစ်” ရေးခဲ့ဖူးတာမှန်ပေမဲ့ “တ” အရေးအသားထွန်းကားခဲ့တာ အလွန်ကြာညောင်းခဲ့ပါပြီ။ တကျပ်၊ တကောင်၊ တယောက်၊ တခါတလေ၊ တခါတရံဆိုတဲ့အရေးသားမျိုးတွေ ကာလကြာရှည်သုံးစွဲခဲ့ပါတယ်။
တစ်ဂဏန်းကို တိုက်ရိုက်ရေးသားတဲ့အခါမျိုးမှအပ ကျန်တဲ့နေရာအားလုံးမှာ ရေတွက်လို့ရတဲ့အဓိပ္ပာယ်ပဲထွက်ထွက် အဓိပ္ပာယ်မဲ့ရှေ့ဆက် သို့မဟုတ် အာဂုံသဘောမျိုးပဲဆောင်ဆောင် တကျပ်၊ တကောင်၊ တယောက်၊ တမေ့တမော၊ တသသ စသည်ဖြင့် အားလုံးကို “တ” နဲ့ရေးလာတာ နှစ်ပေါင်းများစွာကြာပါပြီ။
ဘယ်လောက်တောင်ကြာပြီလဲဆိုတော့ အင်းဝခေတ်လောက်ကတည်းကလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ပုဂံခေတ်အစောပိုင်းမှာ ဂဏန်းသဘောဆောင်တဲ့နေရာတွေမှာ “တစ်” နဲ့ရေးပြီး အနက်မဲ့ရှေ့ဆက် သို့မဟုတ် အာဂုံသဘောမျိုးဆောင်ရင် “တ” နဲ့ စနစ်တကျခွဲသုံးခဲ့တယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ပုဂံခေတ်နှောင်းပိုင်းမှာ “တစ်” အသုံးနည်းပါးလာပြီး “တ” အသုံးတွင်ကျယ်လာတယ်လို့ ဆရာကြီးကဆိုပါတယ်။ အင်းဝခေတ်ရောက်တဲ့အခါမှာတော့ အရေအတွက်သဘောပဲဆောင်ဆောင်၊ အနက်မဲ့ရှေ့ဆက်သဘောပဲဆောင်ဆောင် “တ” နဲ့ပဲရေးသားတဲ့စနစ် ထွန်းကားလာပါပြီ။ ဒါပေမဲ့ “တစ်” နဲ့ခွဲခြားရေးသူကလည်း လုံးလုံးပျောက်ကွယ်သွားတာတော့ မဟုတ်ဘူးလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ အဲဒီနောက်ပိုင်း တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တွေနဲ့ ကိုလိုနီခေတ်တွေ၊ လွတ်လပ်ရေးခေတ်တွေမှာ “တစ်” ဂဏန်းမှအပ ကျန်တာအားလုံး “တ” နဲ့ရေးခဲ့ကြပါတယ်။
ရှေးကဘယ်လိုရေးခဲ့တယ်ဆိုတဲ့ အထောက်အထားအကိုးအကားများဟာ အလွန်အဖိုးတန်ပါတယ်။ ရှေးက ဒီလိုရေးခဲ့ပါလားလို့ ဆင်ခြင်စဉ်းစားစရာ အကိုးအကားပြုစရာအဖြစ်သာ အဖိုးထိုက်တန်ခြင်းဖြစ်ပါတယ်။ ရှေးက ဘာ့ကြောင့်ဒီလိုရေးခဲ့သလဲဆိုတာကို ပြန်လည်ဆင်ခြင်စဉ်းစားဖို့အတွက်သာ အသုံးဝင်ပါတယ်။ အဆုံးအဖြတ်ချမှတ်စရာ နောက်ဆုံးမှတ်ကျောက်လို့တော့ သဘောမထားသင့်ပါဘူး။ ရှေးကရေးသားခဲ့ခြင်းဟူသော အကြောင်းတရားဟာ အဆုံးအဖြတ်နေရာမှာ မရှိပါဘူး။ ရှေးကရေးခဲ့ပေမဲ့ ရှေးကတည်းကမှားခဲ့တာတွေလည်း အများအပြားရှိဖူးပါတယ်။ ဥပမာရှေးအခါက “မိုဃ်း” လို့ရေးတဲ့ရေးထုံးပေါ်ပေါက်ခဲ့ဖူးပါတယ်။ မာဃ ဆိုတဲ့ ပါဠိစကားလုံးက ဆင်းသက်လာတယ်လို့ ယူဆပြီး “မိုဃ်း” လို့ ရေးခဲ့တာပါ။ ဒါပေမဲ့ အဲဒါမှားပါတယ်။ မှားကြောင်းကို ပညာရှင်များအားလုံး အငြင်းပွားချက်မရှိ သဘောတူထားပြီးကြပါပြီ။ အလင်္ကာပုလဲပန်းမှာလည်း အကျယ်ရှင်းခဲ့ဖူးပြီမို့ ဒီနေရာမှာ အကျယ်မရှင်းတော့ပါဘူး။ လမ်းချော်သွားမှာ စိုးလို့ပါ။
မှန်ခြင်းမမှန်ခြင်းဟာ ဘာအပေါ်မှာမူတည်သလဲ
ရေးထုံးမှန်ခြင်းမမှန်ခြင်းကို ရှေးကရေးခဲ့ခြင်းမရေးခဲ့ခြင်းအပေါ်မှာသာ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုရင် ဘာကိုကြည့်ပြီးဆုံးဖြတ်မှာပါလဲ။ ရေးထုံးမှန်ခြင်းမမှန်ခြင်းကို အဆုံးအဖြတ်ပြုနိုင်တဲ့အရာက ဝေါဟာရရဲ့ ရင်းမြစ်အနက် ဖြစ်ပါတယ်။ ပါဠိလိုဆိုရင် ဗျုပ္ပတ်ပါ။ ရင်းမြစ်အနက်က ဒီလို ဖြစ်တယ်။ သူ့သဘောကဒီလိုသဘောဆောင်တယ်။ ဒီလိုအနက်ရှိလို့ဒီလိုရေးတယ်ဆိုတဲ့ အဆုံးအဖြတ်မျိုးကသာ တန်ဖိုးရှိ လေးနက်ပါတယ်။
ဥပမာ ပိတောက်ပန်းကို ဒီနေ့ အသံထွက်နေကြသလို ဘဒေါက်ပန်းလို့ မရေးဘဲ ဘာ့ကြောင့် ပိတောက်ပန်းလို့ရေးသလဲ။ ဘယ်ကနေ ဘယ်လို ပိတောက်ပန်းရေးထုံးဖြစ်နေရသလဲဆိုတာ ဆန်းစစ်ကြည့်ရင် ရှေးကကျောက်စာဟောင်းထဲမှာ ပျားတောက်ပန်းလို့ရေးခဲ့ဖူးတာကို တွေ့ရပါတယ်။ ရင်းမြစ်အနက်ရဲ့သဘောက မွှေးလွန်းလို့ ပျားတောင်တောက်သွားတယ် (မူးသွားတယ်) ဆိုတဲ့ အနက်ဆောင်ပါတယ်။ အဲဒါကြောင့် ပျားတောက်ပန်းလို့ ခေါ်ပါတယ်။ မြန်မြန်ဆိုတော့ ပျတောက်ပန်းဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး မြန်မြန်ဆိုတော့ ပတောက်ပန်းဖြစ်ပါတယ်။ “ပ” အသံကို မတြာအပြည့်မဆိုစေဘဲ ထက်ဝက်သံနဲ့သာဆိုစေချင်တဲ့အခါ လုံးကြီးတင် ထည့်ပြီး သရသံကိုသတ်ပါတယ်။ အဲဒါကြောင့် ပိတောက် ရေးထုံးဖြစ်ပါတယ်။ ဒါဟာ ဆရာကြီးဦးထွန်းတင့်ရဲ့ ရှင်းပြချက်ကို အခြေခံပြီး ပြန်ရေးတာပါ။ လုံးကြီးတင်နဲ့ သရသံသတ်တဲ့ အကြောင်းကိုလည်း အလင်္ကာပုလဲပန်းမှာ အကျယ်တဝင့်ရှင်းခဲ့ပြီးပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပမာ ဘဒွေးဆိုတဲ့ ဆွေမျိုးစပ်အသုံးဟာ ဘယ်ကလာသလဲလို့ ဆန်းစစ်ကြည့်တော့ ဖထွေးဆိုတဲ့စကားကနေ ပြောင်းလဲလာတယ်ဆိုတာ တွေ့ရပါတယ်။ ဖထွေးဆိုတာဟာ အဖေငယ်လို့ပြောတာပါ။ ဖခင်နဲ့တန်းတူထားပြီး ရိုသေလေးစားထိုက်သူလို့ဆိုလိုပါတယ်။
ဥပမာ ခေါင်းရှေ့ဘက်အခြမ်းကို ဘာလို့ မျက်နှာလို့ ခေါ်သလဲ။ မျက်နှာဆိုတဲ့ဝေါဟာရကို ဘယ်လိုစာလုံးပေါင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ရင် မျက်လုံးနဲ့နှာခေါင်းလို ထင်ရှားတဲ့ အစိတ်အပိုင်းတွေပါတဲ့နေရာမို့ မျက်နှာလို့ခေါ်ကြောင်း ထင်ရှားပါတယ်။ ပါးစပ်ဆိုတာကို အခုလိုစာလုံးမပေါင်းဘဲ ပါးဆပ်လို့ပေါင်းရင်ရောမရဘူးလားလို့ တွေးကြည့်ပါ။ မရပါဘူး။ ပါးစပ်ဆိုတာ ပါးနှစ်ခုကို ဆက်စပ်ထားတဲ့ အရာမို့ ပါးစပ်လို့ခေါ်တာဖြစ်ကြောင်း ဝေါဟာရရင်းမြစ်ကိုသိရင် ပါးဆပ်လို့ပေါင်းဖို့မဖြစ်နိုင်ကြောင်း ထင်ထင်ရှားရှားသိနိုင်ပါတယ်။
ရေးထုံးမှန်မမှန်ဆိုတဲ့ အချက်ကို စဉ်းစားဆုံးဖြတ်တဲ့အခါမှာ မြန်မာစာပညာရှိကြီးများဟာ ရင်းမြစ်ကို ဗဟိုပြုစဉ်းစားကြပါတယ်။ ဘာ့ကြောင့်ဒီလိုခေါ်ကြောင်း ဘာ့ကြောင့်ဒီလိုခေါ်ထိုက်ကြောင်းသိနားလည်မှသာ ရေးထုံးဟာလည်း အဓိပ္ပာယ်ပြည့်ဝတဲ့ရေးထုံးတွေ ဖြစ်လာပါတယ်။
ဒါပေမဲ့ ပိတောက်ကို မူလရေးထုံး ပျားတောက်လို့ပဲ ရေးရမယ်လို့ မပြဋ္ဌာန်းသလို ဘဒွေးကို မူလရေးထုံး ဖထွေးလို့ပဲ ရေးရမယ်လို့ ပြဋ္ဌာန်းမထားတာကိုလည်း အလေးအနက် သတိပြုဖို့လိုပါတယ်။ ဒီအချက်ကို နောင်ဆက်ဆွေးနွေးဦးမှာမို့ စကားခံထားတာပါ။
ဆောင်းပါးအပိုင်း ၂ ကောက်ချက်
အခုအပိုင်း ၂ မှာရေးသားချက်တွေအရ ကောက်ချက် ၂ ခု ချနိုင်ပါတယ်။ ပထမအချက်က ရှေးကရေးတိုင်း အမှန်လို့ မယူဆနိုင်ဘူးဆိုတဲ့အချက်။ ဒုတိယအချက်က မှန်ခြင်းမမှန်ခြင်းဟာ ရင်းမြစ် သို့မဟုတ် ဗျုပ္ပတ်အပေါ်အခြေခံတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ပထမဆောင်းပါးအဆုံးသတ်မှာ မေးခွန်းကြီး ၃ ခုနဲ့တိုက်ဆိုင်စစ်ဆေးမယ်လို့ ဆိုထားခဲ့ပါတယ်။ အခုပထမ၊ ဒုတိယ မေးခွန်းနှစ်ခုနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါပြီ။ တတိယမေးခွန်း ကျန်ပါသေးတယ်။ တတိယမေးခွန်းက “အနက်ရင်းမမှန်ပေမဲ့ အများညီရင် “ဤ” ကိုကျွဲဖတ်ဖို့သင့်မသင့်။ ပြောင်းလဲပျက်စီးလာတဲ့စကားလုံးကို လူအများကသုံးနေရင် လက်ခံပြဋ္ဌာန်းဖို့သင့်မသင့်” ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။
တတိယမေးခွန်းအကြောင်း မဆွေးနွေးခင်မှာ မြန်မာစာအဖွဲ့က “တစ်” နဲ့ “တ” ကိုဘယ်လိုခွဲခြားသုံးစွဲဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့သလဲ ဆိုတာကို အရင်ပြောပါမယ်။ နောက်ဆက်ရေးမဲ့အပိုင်းတွေကို သည်းခံစောင့်ဆိုင်းဖတ်ရှုကြပါ။ အပိုင်းအားလုံးဖတ်ပြီးမှ ကြိုက်နှစ်သက်ရာ ကောက်ချက်ချကြ စေချင်ပါတယ်။








