မြန်မာစာပေရဲ့ အငြင်းပွားဆုံး “တ” နဲ့ “တစ်” အပိုင်း (၁)

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုသိမ်းမြတ်
ဘီဘီစီမြန်မာပိုင်း
ပုဂံရာဇဝင်ကိုတုတ်ထမ်းငြင်းကြရတယ်ဆိုသလိုမျိုး မြန်မာစာပေနယ်ပယ်မှာ တုတ်ထမ်းငြင်းရမလောက်ဖြစ်နေတဲ့ အကြောင်းအရာကတော့ “တ” နဲ့ “တစ်” ပြဿနာဖြစ်ပါတယ်။ “တ” ကိုကြိုက်သူနဲ့ “တစ်” ကိုကြိုက်သူ ဂိုဏ်းကွဲနေသလိုတောင်ဖြစ်နေပါတယ်။ ဒီလိုပြဿနာကြီးရတာကလည်း ကြီးလောက်တဲ့ အကြောင်းခံတွေရှိခဲ့လို့ ကြီးရတာပါ။
“တစ်” လို့ရေးတာ သင့်မသင့်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး လေးလေးနက်နက် ဆင်ခြင်တိုင်းထွာစဉ်းစားစရာတွေ အများကြီးရှိပါတယ်။ သင့်မသင့်၊ မှန်မမှန်ဆိုတာကို မဆွေးနွေးခင် “တ” ကနေ “တစ်” အဖြစ် ဝေါဟာရအများအပြား ရေးထုံးပြောင်းလဲလာခဲ့ရခြင်း နောက်ခံသမိုင်းကြောင်းကို အရင်ပြောချင်ပါတယ်။
မြန်မာစာမှာ အာဏာစွက်ဖက်မှုတွေရှိခဲ့ဖူး
မြန်မာစာပေအသုံးအနှုန်းအပေါ်မှာ အာဏာရှိသူတွေက ဝင်ရောက်စွက်ဖက်ခဲ့ဖူးတဲ့ အစဉ်အလာတချို့ရှိပါတယ်။ “လူတော်လူကောင်း” လို့မသုံးရဘူး၊ “လူကောင်းလူတော်” လို့သုံးရမယ်ဆိုပြီး ဗိုလ်ချုပ်နေဝင်းက ပြောခဲ့ဖူးပါတယ်။ အခုအခါမှာတော့ လူကောင်းလူတော်လို့ သုံးသူမရှိသလောက်ရှားသွားပါပြီ။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ကလည်း “မြန်မာ” ဆိုတာ တိုင်းရင်းသားအားလုံးအပါအဝင်ဖြစ်တဲ့ နိုင်ငံကို ကိုယ်စားပြုတယ်၊ “ဗမာ” ဆိုတာက ပြည်မနေလူမျိုးကိုခေါ်တဲ့နာမည်ဖြစ်တယ်ဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒို့ဗမာအစည်းအရုံးမူနဲ့ ပြောင်းပြန်ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာပဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အမျိုးသမီးစွမ်းဆောင်ရှင်အသင်းက “မသန်မစွမ်း” ဆိုတဲ့စကားလုံးအစား “မသန်စွမ်း” ဆိုတဲ့စကားလုံးနဲ့ စတင်အစားထိုးသုံးစွဲခဲ့ပါတယ်။ တကယ်တော့ “မသန်မစွမ်း” နဲ့ “မသန်စွမ်း” ဟာ အဓိပ္ပာယ်ချင်းအတူတူပါပဲ။ ဘာမှ မကွာခြားပါဘူး။ မပျော်မရွှင်နဲ့ မပျော်ရွှင်၊ မလန်းမဆန်းနဲ့ မလန်းဆန်း၊ မအေးမချမ်းနဲ့ မအေးချမ်းတို့လိုပဲ အဓိပ္ပာယ်ချင်း ထပ်တူညီတဲ့ စကားလုံးတွေမျှသာဖြစ်ပါတယ်။ မပျော်ရွှင်ဆိုတာ မပျော်ပေမဲ့ ရွှင်နေပါတယ်လို့အဓိပ္ပာယ်ကောက်လို့မရပါဘူး။ မအေးချမ်းတာဟာ မအေးပေမဲ့ချမ်းနေပါတယ်လို့ အဓိပ္ပာယ်ကောက်လို့ မရပါဘူး။ မသန်စွမ်းကိုလည်း မသန်ပေမဲ့ စွမ်းနေပါတယ်လို့ အဓိပ္ပာယ်ကောက်ချင်လို့ မရပါဘူး။ မသန်စွမ်းဆိုတာဟာ မသန်လည်းမသန်ဘူး၊ မစွမ်းလည်း မစွမ်းဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ထွက်ပါတယ်။ ဘာသာစကားသဘောအရ “မ” ဆိုတဲ့စကားဟာ “သန်” နဲ့ “စွမ်း” ဆိုတဲ့ စကားနှစ်လုံးစလုံးနဲ့ သက်ဆိုင်နေပါတယ်။ တကယ်လို့ “မ” နဲ့ မသက်ဆိုင်စေချင်ဘူး၊ အမှန်တကယ် ကင်းရှင်းစေချင်တယ်ဆိုရင်၊ မသန်ပေမဲ့ စွမ်းပါတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးရကိုရစေချင်တယ်ဆိုရင် “စွမ်းမသန်” လို့သုံးမှ လိုချင်တဲ့အဓိပ္ပာယ်မျိုးရပါလိမ့်မယ်။
မြန်မာစာအပေါ် အာဏာစွက်ဖက်ပြောင်းလဲခဲ့တာတွေအနက်မှာ သတ်ပုံကျမ်းထဲအထိရောက်သွားပြီး ဒီနေ့အချိန်အထိ အငြင်းပွားကျန်ရစ်တာက “တစ်” ပြဿနာဖြစ်ပါတယ်။
၁၉၈၁ ခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း မြန်မာစာအဖွဲ့ရဲ့ လုပ်ငန်းဆိုင်ရာကိစ္စများဆွေးနွေးရာမှာ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌဖြစ်တဲ့ ဦးနေဝင်းက “တ” ဆိုတဲ့စကားလုံးတွေမှာ စသတ်ထည့်ဖို့ညွှန်ကြားခဲ့ကြောင်း ၁၉၈၆ ခုနှစ်ဇွန်လထုတ် သတ်ပုံကျမ်းရဲ့ အမှာမှာ ရေးသားထားပါတယ်။
အဲဒီမှာ ရေးသားထားတာက တစ်သင်္ချာကိန်းပါပုဒ်များဖြစ်ပါလျက် “တ” တွင် “စ” မသတ်ဘဲ အလွယ်ရေးသားနေကြခြင်းနှင့် စပ်လျဉ်း၍ ရေးတော့အမှန်၊ ဖတ်တော့အသံဟူသော စည်းမျဉ်းဥပဒေအတိုင်း စည်းကမ်းရှိရှိ လိုက်နာရေးသားသင့်ကြောင်း ဦးနေဝင်းက ပြောခဲ့တယ်လို့ဆိုပါတယ်။
မြန်မာစာအဖွဲ့ကိုဖွဲ့စည်းခဲ့
ဦးနေဝင်းဟာ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးကိုတော့ ရိုးရိုးသားသားနဲ့အမှန်တကယ်လိုလားသူဖြစ်ပုံရတယ်လို့ ဆရာကြီးဦးထွန်းတင့်အပါအဝင် မြန်မာစာပညာရှင်တော်တော်များများက ယုံကြည်ယူဆကြပါတယ်။
မြန်မာစာအဖွဲ့ကို အချိန်ပြည့်အဖွဲ့တွေနဲ့ တိုးချစတင်ဖွဲ့စည်းဖို့အတွက် မြန်မာနိုင်ငံအနှံ့အပြားကိုတောင် လူလွှတ်ရှာဖွေခိုင်းခဲ့တယ်လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ အဲသလိုလူလွှတ်ပြီး ပညာရှင်ရှာဖွေတဲ့အဖွဲ့ကို မဆလပါတီအတွင်းရေးမှူး ၁ ဦးဝင်းမောင်က အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်တွေက ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကျော်မြင့်နဲ့ ပညာရေးဝန်ကြီး ဦးကျော်ငြိမ်းတို့လို့ဆိုပါတယ်။ ဒါပေမဲ့ နယ်လှည့်ရှာပုံတော်ဖွင့်တင်ပြတဲ့သူတွေကို တယောက်မှ မရွေးဘဲ အရင်ကလျာထားပြီးသား ပညာရှင်တွေနဲ့ပဲ ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပထမဆုံးဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ မြန်မာစာအဖွဲ့ရဲ့အချိန်ပြည့်အဖွဲ့ဝင်တွေက ဒဂုန်ဦးလှဘေ၊ ဒဂုန်ဦးစန်းငွေ၊ ဦးသော်ဇင်၊ ဦးဘညွန့်၊ ဦးလှရွှေ၊ ဦးဆန်းထွန်းတို့ဖြစ်ကြပါတယ်။ ဒေါ်သန်းဆွေနဲ့ ဒေါ်အုန်းခင်တို့က စတင်ဖွဲ့စည်းစမှာ အချိန်ပိုင်းအဖွဲ့ဝင်ဖြစ်ပြီး နောက် ၂ နှစ်အကြာမှာ အချိန်ပြည့်အဖွဲ့ဝင်တွေဖြစ်လာကြပါတယ်။ ဦးနေဝင်းက စသတ်တွေထည့်ပြီး “တစ်” ရေးထုံးပြင်ဖို့ပြောတဲ့အချိန်က အစည်းအဝေးမှာ အဲဒီ ဆရာကြီး၊ ဆရာမကြီး ၈ ယောက်စလုံးပါဝင်ခဲ့တယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ဆရာကြီးဦးထွန်းတင့်က အဲဒီအချိန်တုန်းက မြန်မာစာအဖွဲ့ရဲ့ ဆော်သြရေးမှူး တာဝန်ယူထားခဲ့တယ်လို့ဆိုပါတယ်။
ဦးနေဝင်းရဲ့ညွှန်ကြားချက်
အဲဒီတုန်းက ဦးနေဝင်းရဲ့ညွှန်ကြားချက်ကို ဦးထွန်းတင့်က အခုလိုပြန်ပြောပြပါတယ်။
“အားလုံးကိုတော့ သူသိဟန်မတူပါဘူး။ “တ” လည်းရှိတယ်၊ “တစ်” လည်းရှိတယ်ဆိုတာတော့ ခွဲခွဲခြားခြားသူသိပုံမရဘူး။ အားလုံးက “တစ်” တွေချည်းပဲလို့ သူယူဆပုံပေါက်တယ်။ “တ” “တ” ဆိုတာတွေဟာ “တစ်” လို့ “စသတ်” ထည့်ရမှာ အပျင်းကြီးလို့ “တ” လို့ရေးခဲ့တာဖြစ်လိမ့်မယ်ပေါ့။ ဒါတွေက အကုန် “တစ်” တွေချည်းပဲပေါ့။ ဥပမာ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ မှာ ၁ ကိုတစ်လို့ ရေးပြီး “တခု” လို့ အသံထွက်တာပဲ။ ၂ ကိုလည်း နှစ်လို့ရေးပြီး “နှခု” ထွက်တာပဲ။ အသံထွက်ရင်တော့ ထွက်ပေါ့။ ရေးရင်တော့ အမှန်ရေးပေါ့။ အသံထွက်တာတော့ “တ” ထွက်ချင်လည်းထွက်၊ “နှ” ထွက်ချင်ထွက်ပေါ့။ ရေးရင်တော့ ပျင်းမနေဘဲ အမှန်အတိုင်းအပြည့်အစုံ ရေးဖို့ဆိုပြီး သူကပြောတယ်။”

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစာဆရာကြီးများရဲ့စဉ်းစားသုံးသပ်ချက်
၁၉၈၁ ခုနှစ်ဟာ ဦးနေဝင်း ဓားထက်နေတဲ့ကာလလို့ဆိုရင် သမိုင်းဆရာနဲ့ နိုင်ငံရေးသုတေသီအများကြားမှာ သဘောထားကွဲလွဲချက် မရှိသလောက်နည်းပါလိမ့်မယ်။ ဦးနေဝင်းရဲ့အလိုဆန္ဒနဲ့ဆန့်ကျင်သူတွေကို အရေးယူ ဖယ်ရှားခဲ့တဲ့ နမူနာတွေလည်း ရှေ့မှာတော်တော်များများရှိခဲ့ပါပြီ။ မြန်မာစာပညာရှင်ကြီးများအနေနဲ့ မြန်မာစာ၊ မြန်မာစကားအပေါ် ပညာရပ်အမြင်အတိုင်း သစ္စာစောင့်သိရပ်တည်မှုရှိဖို့လိုအပ်တယ်ဆိုတဲ့ တွေးတောယူဆချက်မျိုးရှိခဲ့နိုင်ပါတယ်။ အများပြည်သူအပေါ် ဖြောင့်မတ်မှန်ကန်ဖို့ လိုအပ်မယ်ဆိုတဲ့အချက်ကိုလည်း ဆရာကြီးများ တွေးတောမိကောင်းတွေးတောမိနိုင်ပါတယ်။ ဒါပေမဲ့ ဆရာကြီးများရဲ့ အခြေအနေဟာ မြင်ကွန်းမင်းသားက အခါတော်ပေးစလေဦးပုညကို “ဓားနွေးကြိုက်သလား၊ ဓားအေးကြိုက်သလား”လို့ မေးခဲ့ဖူးသလို အကျပ်ကျတဲ့အခြေအနေမျိုးပါ။ ဦးနေဝင်းဟာ နီးရာဓား သို့မဟုတ် ဓားနွေးဖြစ်ပါတယ်။ ဆရာကြီးများရဲ့ အခြေအနေနဲ့ တွေးတောဆင်ခြင်မှုကို နီးနီးကပ်ကပ်သိရှိခဲ့သူ ဆရာကြီးဦးထွန်းတင့်က အခုလိုပြန်ပြောပြပါတယ်။
“ကျွန်တော်တို့လည်း စဉ်းစားတာပေါ့ဗျာ။ ဆရာကြီးတွေလည်း စဉ်းစားတာပေါ့ဗျာ။ “တစ်” တွေက တော်တော်များများမှာရင်းမြစ်လို့ ကျွန်တော်တို့အားလုံးလက်ခံကြပါတယ်။ ဦးနေဝင်းပြောတာ အားလုံးမမှန်ပေမဲ့ တော်တော်များများမှန်တယ်လို့ ယူဆကြပါတယ်။ သူပြောတာ အမှန်ပဲလို့လက်ခံတယ်။ အနက်ရင်းက “တစ်” တွေပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာတော့ “တ” တွေဖြစ်ကုန်တယ်။ “တစ်” ကို “တ” လို့ရေးနေတာက တွင်နေပြီဆိုတော့ “တ”ကို “တစ်” လို့ပြန်ရေးပါလို့ ပြဋ္ဌာန်းရမှာက စွန့်စားရမဲ့ သဘောရှိတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့သူကလည်း (ဦးနေဝင်းကလည်း) ဒါကို တော်တော်အာသာပြင်းပြတယ်။”
တကယ်တော့ ပုဂံခေတ်အစောပိုင်းမှာသာ တစ် အရေးအသားတွင်ကျယ်ခဲ့တာလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ပုဂံခေတ်နှောင်းပိုင်းမှာ အားလုံးကို “တ” နဲ့ရေးတဲ့အရေးအသား တွင်ကျယ်ခေတ်စားလာပြီလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ အင်းဝခေတ်မှာတော့ “တ” နဲ့ရေးတဲ့အရေးအသားက အများစုဖြစ်ပြီး “တစ်” နဲ့ရေးတဲ့အရေးအသားက တချို့ကျန်နေသေးပေမဲ့ တော်တော်နည်းပါးသွားပြီလို့ဆိုပါတယ်။ ဒီအချက်ကိုတော့ ပညာရှင်ကြီးများဟာ ဦးနေဝင်းကို ထောက်ပြရဲခဲ့သော်ကောင်းလေစွလို့ ဆရာကြီးဦးထွန်းတင့်က ထင်မြင်ပါတယ်။
“ဆရာကြီးတွေကလည်း သူ့ကို ထားပါတော့ ဒါတွေက နှစ်ပေါင်းများစွာကြာပြီဆိုတော့ နဂိုက “တစ်” ပေမဲ့ အခု “တ”ရေးလည်း ပြဿနာမရှိပါဘူးလို့လည်း မပြောရဲကြဘူးပေါ့။ တကယ်တော့ အဲသလောက်တော့ ပြောရဲခဲ့သင့်တယ်ပေါ့ဗျာ။”
မြန်မာစာဆရာကြီးများဟာ ဦးနေဝင်းကို ဆန့်ကျင်မပြောကြားရဲခဲ့ကြပေမဲ့ မှားတဲ့အရာကို အမှန်ပါလို့ မျက်စိစုံမှိတ် ပြဋ္ဌာန်းခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ မူလရင်းမြစ်အရ “တစ်” အနက်ရှိတဲ့စကားလုံးတွေကိုသာ “တစ်” လို့ပြဋ္ဌာန်းပြီး ရင်းမြစ်က “တ” ပဲဆိုရင်တော့ “တ” နဲ့ပဲ ပြဋ္ဌာန်းလိုက်တယ်လို့ဆိုပါတယ်။
“မပြောရဲကြတော့ သူ (ဦးနေဝင်း) လည်း ကျေနပ်အောင် တကယ် ရင်းမြစ် “တစ်” လို့ယူဆလို့ရတဲ့ဟာတွေကို စသတ်ထည့်လိုက်မယ်။ “တစ်”လိုက်မယ်။ တချို့ဟာတွေက ရင်းမြစ်ကိုက “တ” ပဲဆိုရင်တော့ “တ” ပဲထားလိုက်မယ်ဆိုပြီး သတ်ပုံထဲမှာ “တစ်”နဲ့ “တ” ခွဲထည့်လိုက်တာပေါ့ဗျာ။ ဘယ်ဟာ “တစ်” ဘယ်ဟာ “တ” ဆိုတာကိုဆွေးနွေးခွဲခြားပြီးထည့်လိုက်တာပေါ့ဗျာ။ မြွေမသေ တုတ်မကျိုး သဘောမျိုး သူကြိုက်တဲ့ဟာတွေထည့်ပေးလိုက်ရတာပေါ့။ အဲဒါတွေကလည်း (ရင်းမြစ်အရ) မှန်တယ်လို့လည်း ကျွန်တော်တို့ထင်တဲ့ဟာတွေပေါ့။ သူကတော့ “တ” တွေအားလုံး “တစ်” လုပ်ချင်တာပေါ့။ ကျွန်တော်တို့ကတော့ ရေတွက်လို့ ရကောင်းတဲ့ အရာဖြစ်ရင် “တစ်” နဲ့ထားမယ်။ ရေတွက်လို့ မရတဲ့အရာဆိုရင် “တ” နဲ့ထားမယ်လို့ ဆုံးဖြတ်တာပေါ့။ ကျွန်တော်က ဆော်သြရေးမှူးဆိုတော့ ကျွန်တော်တင်ပြရတာများတာပေါ့။ အဲသလိုတင်ပြပြီး အဖွဲ့က သဘောတူတဲ့စကားလုံးတွေကို “တစ်” နဲ့ပြဋ္ဌာန်းခဲ့တာပေါ့။”
ကွင်းစကွင်းပိတ်ထဲက စကားလုံးတွေဟာ ဆရာကြီးဦးထွန်းတင့်ရဲ့ မူလစကားမှာမပါဝင်ဘဲ ဆိုလိုရင်းထင်ရှားအောင် ဖြည့်စွက်ထားတဲ့စကားလုံးတွေဖြစ်ပါတယ်။
ဦးနေဝင်းက “တစ်” နဲ့ရေးစေချင်တာတော့ အမှန်ပဲလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ၁၉၈၆ ခုနှစ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရဲ့ အမှာမှာလည်း အတိအလင်းဖော်ပြရေးသားထားပါတယ်။ ဇွတ်အတင်းအကျပ် မလုပ်မနေရဆိုတာမျိုး ပြောဆိုတာတော့ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ ဦးနေဝင်းရဲ့ အကျင့်စရိုက်နဲ့ လုပ်နည်း လုပ်ဟန်တွေကို သိရှိထားကြမှာဖြစ်တဲ့ ပညာရှင်ကြီးများဟာ ဆန့်ကျင်ပြောဆိုဖို့ အမှန်တကယ် ဝန်လေးခဲ့ပါတယ်။
တစ်ပြဋ္ဌာန်းချက်ပေါ်ထွက်လာခဲ့ပါပြီ။ အခုအပိုင်း ၁ မှာ ရေးသားချက်ဟာ သမိုင်းနောက်ခံမျှသာ ဖြစ်ပါတယ်။ ဆက်လက်ရေးသားပါမယ်။ သမိုင်းနောက်ခံမျှကိုကြည့်ပြီး “တစ်” ပြဋ္ဌာန်းချက်သင့်မသင့်ဆိုတာကို ကောက်ချက်မစောစေချင်ပါဘူး။ ကောက်ချက်ချဖို့ရာ အချက်အလက် မလုံလောက်သေးပါဘူး။ နောက်ဆက်လက်ရေးသားမဲ့အထဲမှာ အခု “တ” နဲ့ရေးသားထားတဲ့စကားလုံးတွေက ဘယ်လိုစကားလုံးတွေဖြစ်ပြီး “တစ်” နဲ့ရေးသားထားတဲ့စကားလုံးတွေက ဘယ်လိုစကားလုံးတွေလဲဆိုတာ စောကြောဆန်းစစ်ပါမယ်။
ဒါ့အပြင် ဒီပြဿနာကို သတ်ပုံပြဋ္ဌာန်းမှုဆိုင်ရာ အရေးကြီးတဲ့မေးခွန်းကြီး ၃ ခုနဲ့တိုက်ဆိုင်စစ်ဆေးချင်ပါတယ်။
၁။ အရင်က ဒီလိုရေးခဲ့ဖူးတယ်လို့ အထောက်အထားပြပြောဆိုနိုင်ရုံမျှနဲ့ အဲဒါဟာအမှန်ပဲလို့ ကောက်ချက်ချဖို့သင့်မသင့်။ အရင်က ရေးထုံးကိုသက်သေပြပြီး အခုလည်း ဒီလိုပဲရေးရမယ်လို့ ဆုံးဖြတ်ချက်ချဖို့သင့်မသင့်။
၂။ ဒီဝေါဟာရရဲ့ ရင်းမြစ်ဗျုပ္ပတ်ဟာ ဒါပဲ၊ ဒါကအနက်အမှန်ပဲလို့သိတာဟာ အဲဒီအမှန်ကို အများသုံးအဖြစ်ပြဋ္ဌာန်းဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်ဟုတ်မဟုတ်။ အမှန်ကိုအများကြိုက်ကြိုက် မကြိုက်ကြိုက် ပြဋ္ဌာန်းလိုက်ဖို့ရာ သင့်မသင့်။
၃။ အနက်ရင်းမမှန်ပေမဲ့ အများညီရင် ဤ ကိုကျွဲဖတ်ဖို့သင့်မသင့်။ ပြောင်းလဲပျက်စီးလာတဲ့စကားလုံးကို လူအများကသုံးနေရင် လက်ခံပြဋ္ဌာန်းဖို့သင့်မသင့်။
ဒီမေးခွန်းကြီးသုံးခုနဲ့ နောက်ရေးသားချက်တွေထဲမှာ တိုက်ဆိုင်ဆန်းစစ်ကြည့်ပါမယ်။ ဆရာကြီးဦးထွန်းတင့်ရဲ့ တွေးတောယူဆချက်တွေကိုလည်း ထပ်မံကြားသိရပါမယ်။ အဲသလိုအပြည့်အစုံကြားသိပြီးမှသာ မိမိကြိုက်နှစ်သက်သလို ဆက်လက်ဆုံးဖြတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။








