ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ထောင်ဝတ်စုံနဲ့ တရားခွင်မှာ ရင်ဆိုင်ရ
စစ်တပ်က အာဏာသိမ်းတာ ၁၀ လကျော်ကြာလာတဲ့အချိန် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူစွဲဆိုခံထားရတဲ့ အမှုတွေထဲက ပုဒ်မ ၂ ခု အတွက် အမိန့်ချမှတ်ခံရပြီး ချိန်မှာတော့ ထောင်ဒဏ်ချမှတ်ခံရပြီးသူတိုင်း ဝတ်ဆင်ရတဲ့ အဖြူရောင်အင်္ကျိ ၊ အညိုရောင်ထဘီနဲ့ တရားခွင်ကို ရောက်လာခဲ့ရပါတယ်။
အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မများစွာနဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း လူထုက အမြဲစိတ်ဝင်စားခဲ့ပါတယ်။ အပတ်စဉ်ရုံးထုတ်တိုင်း ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာလား၊ ဘယ်လိုဝတ်စုံဝတ်ထားလဲ ဆိုတာတွေကအစ သိချင်ခဲ့ကြတာပါ။
ဒီဇင်ဘာ ၁၆ ရက်နဲ့ ဒီကနေ့ ၁၇ ရက် ရုံးထုတ်ကြားနာစစ်ဆေးမှုတွေကစပြီး အဲဒီ ထောင်ဝတ်စုံကို စတင်ဝတ်ဆင်ခဲ့ရတာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက တစ်ဆင့်သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် တရားခွင်မှာ အဖြူရောင်အင်္ကျီလက်စက၊ အညိုရောင်ထဘီကို ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရချိန်မှာ သူ့ရှေ့နေတွေထဲ အမျိုးသားရှေ့နေတွေကအစ စိတ်ထိခိုက်ကြတယ်လို့ တရားရုံးအသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေ အရသိရပါတယ်။
'' အဲဒီဝတ်စုံဝတ်ခိုင်းတဲ့အပေါ် ဘာမှတ်ချက်မှမပေးသလို၊ အဲဒီလို ဝတ်ရလို့လည်း သူဘာမှဖြစ်မနေဘူး။ သူ့ရဲ့နဂိုပုံမှန်အတိုင်းတက်တက်ကြွကြွရှိတယ်။ ရဲရဲဝံ့ဝံ့ရှိတယ်။ အမှုအကြောင်းပဲ စိတ်ဝင်စားတယ် '' လို့ တရားခွင်ရောက်ရှေ့နေတွေနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးကပြောပြပါတယ်။
တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘီဘီစီက သိရတဲ့အချက်အလက်အရတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က အထူးတရားရုံးမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုအတွက် ရုံးချိန်းကစလို့ ဒီဝတ်စုံကိုဝတ်ဆင်ခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီလိုဝတ်ဆင်ဖို့ ထောင်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ထံ ဝတ်စုံတွေ ပေးပို့ခဲ့တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၇ ရက် တရားခွင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကနေ ဝတ်လာခဲ့တဲ့ အဖြူရောင်အင်္ကျိ လက်ရှည်အပေါ်မှာ ထောင်အာဏာပိုင်တွေ ပို့ထားတဲ့ အဖြူရောင်အင်္ကျီရင်စေ့လက်စကကို အပေါ်ကနေ ထပ်ပြီးဝတ်ဆင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ရှေ့နေဟောင်းတစ်ဦးကတော့
'' ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကို လေးစားလိုက်နာတဲ့သူလေ။ ဒီလိုဝတ်ရလို့ သူဘာမှဖြစ်မှာ မဟုတ်ဘူး။ ဥပဒေက ဒီလို ပြဋ္ဌာန်းရင် အဲဒီအတိုင်း လိုက်နာမယ်ဆိုတဲ့သူမျိုး။ ဥပဒေကို လိုသလိုသုံးတဲ့ သူမျိုးမဟုတ်တော့….သေချာတာက သူဘာမှဖြစ်နေမှာမဟုတ်ဘူး '' လို့ မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၁၇ ရက်က လူမှုကွန်ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီအခြေအနေအတွက် လူထုရဲ့ဝမ်းနည်းစိတ်မကောင်းဖြစ်ကြတဲ့ မှတ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ပုဒ်မတွေကို ထောင်ဝတ်စုံဝတ်ဆင်ပြီး ရင်ဆိုင်နေရ
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ၊ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်အထိချနိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ၅ မှုကို ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် အမိန့်ချဖို့သာကျန်နေတဲ့ ပို့ကုန်၊သွင်းကုန် ဥပဒေ၊ နောက်ဆက်သွယ်ရေးဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မတွေလည်း ကျန်ရှိနေပါတယ်။
အဂတိ ၅ မှုထဲက ပထမအမှုကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက တံစိုး လက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ (၇) ပိဿာ ကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်ပါ။ နောက် ၄ မှုကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွဲဆိုတာဖြစ်ပါတယ်။
အဂတိအမှု ၅ မှုအနက် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ဖို့ ရန်ကုန် ၊ တက္ကသိုလ်ရိပ်သာ လမ်းပေါ် က မြေနဲ့အဆောက်အအုံကို ထိုက်သင့်တဲ့တန်ဖိုးထက် လျော့တဲ့ နှုန်းထားနဲ့ ငှားခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုလည်း ပါဝင်ပါတယ်။
ဒီငှားရမ်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးအစီရင်ခံစာပါ တွက်ချက်မှုအရ နိုင်ငံတော်က ငွေကျပ်သန်း (၅၂၀၀) ကျော် နစ်နာဆုံးရှုံး ခဲ့တယ်လို့ စွဲချက်မှာဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၇ ရက်မှာတော့ အဲဒီအမှုအတွက် တရားလိုပြသက်သေနှစ်ဦး ဖြစ်တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးဟောင်းဒေါ်နီလာကျော် တို့ သက်သေထွက်ဆိုခဲ့ပါတယ်။
အဲဒီမြေနေရာကို တလငှားရမ်းခ ၁၅ သိန်းနဲ့ ငှားရမ်းပေးခဲ့တဲ့ အပေါ် သူတို့လုပ်ဆောင်ပေးခဲ့ရတဲ့ အပိုင်းတွေကို ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်နီလာကျော်တို့က သက်သေထွက်ဆိုခဲ့ကြပါတယ်။
ဒေါ်နီလာကျော်ကိုလည်း စစ်ကောင်စီက အဂတိပုဒ်မနဲ့ တရားစွဲဆိုထားပြီးလက်ရှိအင်းစိန်ထောင်မှာထိန်းသိမ်းထားပါတယ်။
ဦးဖြိုးမင်းသိန်းကတော့ အာဏာသိမ်းပြီးတည်းက ဖမ်းဆီးခံထားရပေမယ့်တခြားသော NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေလို အမှုဖွင့်တရားစွဲဆိုခံရတာမရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်ထံ ရွှေနဲ့ဒေါ်လာတွေ ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီထံ ထွက်ဆိုထုတ်ဖော်ပြောကြားထားပါတယ်။
စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကလည်း တရားလိုပြသက်သေတွေကို ပြန်လှန်မေးခွန်းတွေမေးခဲ့ပါတယ်။
တရားခွင်မှာ အပြန်အလှန်စစ်မေးချက်တွေ အရ အဲဒီမြေနေရာကို မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနရဲ့ ငှားရမ်းခပေါက်ဈေးသတ်မှတ်ချက်အတိုင်း ငှားရမ်းခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရှိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ရုံးချိန်းမှာ ဒေါက်တာမျိုးအောင်ကိုပါ နောက်အဂတိမှုတွေနဲ့ ဆက်စပ်လို့ ရုံးထုတ်ခဲ့ပေမယ့် တစ်မှုနဲ့သာ စစ်ဆေးရင်းအချိန်လင့်ခဲ့လို့ နောက်အဂတိရုံးချိန်းတွေကို လာမယ့်နှစ် ဇန်နဝါရီ ၇ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။
စစ်အစိုးရခေတ်မှာတောင် ထောင်ဝတ်စုံမဝတ်ခဲ့ရ
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ စစ်အစိုးရလက်ထက်မှာလည်း နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရ ၊ တရားစွဲခံရတာတွေရှိပေမယ့် အခုလိုနှစ်ရှည်ထောင်ဒဏ်တွေနဲ့ တရားစွဲခံရတာမရှိခဲ့ပါဘူး။ ဒါ့အပြင် အခုလို ထောင်ဝတ်စုံနဲ့ တရားခွင်ကိုတက်ရောက်ရတဲ့ အခြေအနေလည်း မရှိခဲ့ပါဘူး။
'' ဂျွန်ယက်တောအမှုမှာတောင် ထောင်ဝတ်စုံနဲ့ ရုံးထုတ်ရတာမရှိဘူး။ အမိန့်ချတော့လည်း အိမ်ပြန်ပို့တာပဲ။ အခုမှ ထောင်ဝတ်စုံနဲ့ဒီလိုလုပ်တာပေါ့ '' လို့ ရှေ့နေဟောင်းတစ်ဦးကပြောပါတယ်။
ဂျွန်ယက်တောအမှုနဲ့ပတ်သက်ပြီး ၂၀၀၉ သြဂုတ် ၁၁ ရက် မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်ပြီး၊ ပြစ်မှုတဝက်ကို ဆိုင်းငံ့ထောင်ဒဏ်အဖြစ် လျှော့ပေးကာ ကျန်တဝက်ကို နေအိမ်အကျယ်ချုပ် ကျခံစေခဲ့တာပါ။
အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေခဲ့သူ ဒေါ်ခင်ခင်ဝင်း ရဲ့ပြောပြချက်အရ အရင်နေအိမ်အကျယ်ချုပ်နေရချိန်က တရားရုံးစစ်ဆေးမှုတွေ ၊ အင်းစိန်ထောင်မှာ နေခဲ့ရချိန်မှာတောင် ပြင်ပအဝတ်အစားကိုပဲဝတ်ဆင်ခဲ့ရပြီး လိုတဲ့အဝတ်အစားကို နေအိမ်ပြန်ယူခိုင်းတဲ့ အခြေအနေ အထိရှိခဲ့တာလို့ ပြောပြပါတယ်။
'' ထောင်ဝတ်စုံနဲ့ဆိုတာကြားရတော့ ကိုယ်ကစိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ကျွန်မကတော့ အတူနေခဲ့တော့သိတယ်။ သူကတော့ဘာမှဖြစ်မှာမဟုတ်ဘူး။ သူကသူလုပ်ရမှာသူသိတယ်။ အင်မတန်နေတတ်ထိုင်တတ်တာ။ ဒီလို နေတတ်ထိုင်တတ် စိတ်ထားတတ်အောင်လည်း သူ့အမေ (ဒေါ်ခင်ကြည်) က သင်ခဲ့တာ။ သူက ဒါတွေကို ကျော်ဖြတ်နိုင်တယ် '' လို့ မှတ်ချက်ပြုပါတယ်။
ထောင်ဝတ်စုံ မဖြစ်မနေ ဝတ်ခိုင်းဖို့လိုသလား။
အင်္ဂလိပ်အစိုးရလက်ထက်က စတင်သတ်မှတ်ခဲ့တဲ့ အပေါ်ဖြူ၊ အောက်ဖြူ အကျဉ်းထောင်ဝတ်စုံကို ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ အမျိုးသားဆို အင်္ကျီအဖြူ၊လုံချည် အပြာ၊ အမျိုးသမီးဆို အင်္ကျီအဖြူ၊လုံချည် အညို ( ယောဂီရောင်) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အကျဉ်းထောင်လက်စွဲဥပဒေပါဖော်ပြချက်အရ အကျဉ်းသား သို့မဟုတ် အကျဉ်းသူတစ်ယောက်အနေနဲ့ ပြင်ပကိုရုံးထုတ်ဖို့ တရားရင်ဆိုင်ရချိန်မှာ အရပ်ဝတ်စုံ ဝတ်ဆင်ခွင့်မရှိသလို အကျဉ်းသား သို့မဟုတ် အကျဉ်းသူအဖြစ်ပေါ်လွင်စေတဲ့ ဝတ်စုံကိုဝတ်ဆင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ်။
ပြစ်ဒဏ်ချမှတ်ပြီးဖြစ်တဲ့အခါ တရားရုံးရှေ့မှောက်မှာ မူလပြစ်ဒဏ်ချမှတ်ပြီးသားဖြစ်တယ် ဆိုတာပေါ်လွင်အောင် တရားရုံးကိုရင်ဆိုင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်းရှိတယ်လို့ ဥပဒေကျွမ်းကျင်သူ တွေက ပြောပါတယ်။
ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ '' အကောင်းဘက်ကကြည့်ရင် ဓမ္မအရောင် (အဖြူနဲ့ အညို) ဖြစ်တဲ့အတွက် ဓမ္မက အချိန်မရွေးအောင်မြင်မယ်လို့ ယုံကြည်တဲ့သဘောပဲမြင်တယ်။ ဒီအပေါ်မှာ စောဒကတက်စရာမရှိဘူးလို့ မြင်တယ် '' လို့ပြောပါတယ်။