ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ထဲမှာအကျယ်ချုပ်ကျနေရင်း နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်တဲ့ အမှုတစ်ခု ထပ်တိုးခဲ့ပါတယ်။
အာဏာသိမ်းပြီးရက်ပိုင်းအတွင်း ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ သူ့ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် အဖမ်းခံရတာက သူ့အတွက်အမှုတစ်ခု ထပ်တိုးခဲ့တာပါ။
မစ္စတာ ရှောင်တာနယ်ရဲ့ လက်(ပ်)တော့ နဲ့ စာရွက်စာတမ်းတွေမှာတွေ့ရှိတဲ့ အချက်အလက်တွေအရ သူအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ ပါ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
'ဝန်ကြီးတွေကို အကြံပေးတဲ့ အချက်(၆)ချက်အရ လျှို့ဝှက်ချက်အက်နဲ့စွဲတာ' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြောလို့မရသေးဘူးလို့ သူက ပြောပါတယ်။
ဒီအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်ကတရားရုံးတစ်ခုကို ပြောင်းစစ်ဖို့ အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီကနေ့ ဇွန် ၂၃ ရက်မှာ ပထမဆုံးအကြိမ် ကြားနာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတဲ့ ဒီအမှုကို ရန်ကုန်ကနေ နေပြည်တော်ကိုရွှေ့ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက စီစဥ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့တရားခွင်မှာ လျှောက်ထားသူဟာ နိုင်ငံတော် ဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက အရာရှိတစ်ဦးရောက်လာခဲ့ပါတယ်။
ပဟေဠိဆန်တဲ့ အမှု
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ လက်ရှိရင်ဆိုင်နေရတဲ့ အမှု ၅ မှု ထက် အခု အမှုက ပိုရှုပ်ထွေးပါတယ်။
မစ္စတာ ရှောင်တာနယ်ဟာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေကို အကြံပေးရတဲ့အတွက် အမှုဟာ ပြည်ထောင်စုဝန်ကြီးဌာနတွေရှိပြီး ပြည်ထောင်စုဝန်ကြီးတွေနေတဲ့ နေပြည်တော်မှာပဲ အခြေတည်တယ်လို့ ဥပဒေပညာရှင်တွေကသုံးသပ်ပါတယ်။
ဒါပေမဲ့ မစ္စတာ ရှောင်တာနယ်ကို ရန်ကုန်မှာဖမ်းမိတဲ့အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုက ရောက်ခဲ့တာဖြစ်ပါတယ်။
ထူးခြားတာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ကျန်တဲ့အမျိုးသား ၄ ဦးလုံးဟာ ရန်ကုန်မှာဖမ်းမိတာဖြစ်လို့ အင်းစိန်ထောင်ထဲမှာ ရှိနေကြတာပါ။
ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်ရှိတဲ့ နေပြည်တော်မှာ စစ်ဆေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ရင်တော့ အင်းစိန်ထောင်က အမျိုးသား ၄ ဦးဟာ နေပြည်တော်ကို ရွှေ့ရဖို့ရှိနေပါတယ်။
"ဒီအမှုကို နေပြည်တော်မှာ စစ်ဖို့ ကျွန်တော်တို့ဘက်ကတော့ ကန့်ကွက်စရာမရှိပါဘူး" လို့ ရုံးရှေ့မှာ ထွက်ဆိုခဲ့တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။
ဒါပေမဲ့ ဝန်ကြီးဟောင်း ဦးကျော်ဝင်းရဲ့ ရှေ့နေကတော့ အမှုကို ရန်ကုန်မှာပဲ စစ်ဖို့ ပြောခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းကို မစ္စတာ ရှောင်တာနယ်ရဲ့ရှေ့နေလည်း ရောက်လာခဲ့ပါတယ်။
အမှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားခံလို့ သုံးနှုန်းထားလို့ ရုံးတော်ကိုပြင်ဆင်ပေးဖို့ ရှေ့နေဦးကြည်ဝင်းက လျှောက်ထားခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေရင်ဆိုင်နေရပေမယ့် တရားရုံးကအပြစ်ရှိကြောင်း အမိန့်မချရသေးတဲ့အတွက် စွပ်စွဲခံရသူသာ ဖြစ်တဲ့အကြောင်း သူက ထောက်ပြခဲ့ပါတယ်။
မေးခွန်းထုတ်စရာ သမ္မန်စာ
အစိုးရလျှို့ဝှက်ချက်အက်ကို အမှုကို ရှေ့နေမငှားဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှောက်လဲမယ်ဆိုတဲ့အကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမှုခေါ်စာရင်းမှာ ဖော်ပြထားပါတယ်။
ဝန်ကြီးဟောင်း ၃ ဦးနဲ့ မစ္စတာ ရှောင်တာနယ် တို့လည်း လျှောက်လဲမယ့်သူနေရာမှာ ကိုယ်တိုင် လို့ပဲ အဲ့ဒီစာရင်းမှာ ဖော်ပြပါတယ်။
ဒီအမှုပေးစာရင်းကိုတွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ တစ်ခုခုလွဲနေပြီဆိုတာ သတိထားမိလိုက်ကြပါတယ်။ ဒါကြောင့် သီးသန့်တရားရုံးမှာ ရုံးထုတ်တဲ့အခါ ရှေ့နေအဖွဲ့က ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ သူမသိကြောင်းနဲ့ သူ့ရှေ့နေအဖွဲ့ရှိလို့ ကိုယ်တိုင်ထုချေမှာမဟုတ်ဘဲ ရှေ့နေတွေကတစ်ဆင့် ထုချေမှာဖြစ်တဲ့အကြောင်း ရုံးချိန်းမှာ ပြောခဲ့ပါတယ်။
ဥပဒေကြောင်းအရ ကိုယ်တိုင်လျှောက်ထားမလား၊ ရှေ့နေကတဆင့်လျှောက်ထားမလားဆိုတာ ကာယကံရှင်ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး သူ့အပေါ်ဆန္ဒတောင်းခံခဲ့တာမရှိတဲ့အပြင် သူဘာမှမသိလိုက်ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပ ြောပါတယ်။
တချိန်ထဲမှာပဲ အစိုးရလျှို့ဝှက်ချက်အက်ကို အမှုအတွက်လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေ ငါးဦး ပါဝါရရှိထားပြီး ဇွန် ၂၃ ရက် ရုံးချိန်းမှာတော့ ရှေ့နေ ဦးကြည်ဝင်းနဲ့ ဒေါ်စန်းမာလာညွန့်တို့နှစ်ဦး လာရောက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားတဲ့ ကြိုတင်အသိပေးမှုအမှုစာရင်းမှာတော့ အမှုကို စွပ်စွဲခံထားရတဲ့ ကာယကံရှင်ငါးဦးလုံး ကိုယ်တိုင် လျှောက်ထားမယ်လို့ပဲ ဖော်ပြထားခဲ့တာပါ။
ဒါကြောင့် ဇွန် ၂၃ ရက် ရုံးချိန်းမှာ တရားရုံးစာရေးက ဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင် တို့ရဲ့ အမည်ကို ထပ်ခါထပ်ခါ အော်ခေါ်နေခဲ့ပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းထားသူနှစ်ဦးကို နေပြည်တော်ကတရားရုံးမှာ အမည်ခေါ်နေတဲ့အပေါ် တရားရုံးထဲကလူတချို့က ပြုံးတုန့်တုန့် ဖြစ်နေကြပါတယ်။
အခြေအနေကို ရိပ်စားမိတဲ့ တရားသူကြီးက သမ္မန်စာမှာ ဦးစိုးဝင်းနဲ့ ဦးဆက်အောင်တို့လက်မှတ်ထိုးထားလို့ ခေါ်နေတာလို့ စာရွက်ကိုပြပြီး ပြောပါတယ်။
မစ္စတာ ရှောင်တာနယ်ကို ဗဟိုပြု၍
မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေ တရားစွဲဆိုခံထားရတဲ့အမှုမှာ မစ္စတာရှောင်တာနယ်က ဗဟိုချက်ဖြစ်နေပါတယ်။
ဆစ်ဒနီ မက်ကွိုင်းယား တက္ကသိုလ်ရဲ့ စီးပွားရေးပါမောက္ခဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ် ကတည်းက စလုပ်ခဲ့တာပါ။
သူဟာ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ အစိုးရနဲ့နီးစပ်တဲ့ နိုင်ငံခြားသားဖြစ်လာခဲ့ပါတယ်။
ခြံနံပါတ်(၅၄)က ဗိုလ်ချုပ်အောင်ဆန်းပုံရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ မစ္စတာရှောင်တာနယ် တွဲရိုက်ထားတဲ့ပုံဟာ သူအဖမ်းခံရပြီးတဲ့နောက် အဓိက သတင်းဓာတ်ပုံ ဖြစ်လာပါတယ်။
မစ္စတာရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ မိခင်နိုင်ငံ သြစတြေးလျကလည်း စစ်ကောင်စီကို တောက်လျှောက် ဖိအားပေးခဲ့ပါတယ်။
မစ္စတာရှောင်တာနယ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သြစတြေးလျ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပါတယ်။
ABC News ရဲ့ သတင်းဖော်ပြချက်အရ မစ္စတာ ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတင်က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို ဇွန် ၁၆ ရက်က ဖုန်းဆက် ပြီးတောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်ကလည်းတစ်ခါတောင်းဆိုခဲ့ပြီးပါပြီ။
ဒီအကြောင်းကို သြစတြေးလျ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးဌာန (DFAT) က လည်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မစ္စတာ ရှောင်တာနယ်ဟာ သြစတြေးလျ ပြန်ဖို့ မသေချာပေမယ့် နေပြည်တော်သွားရဖို့က သေချာသလောက် ရှိနေတယ်လို့ ရှေ့နေတွေက သုံးသပ်ကြပါတယ်။
လျှို့ဝှက်ချက်အက်
ဒေါ်အောင်ဆန်းစုကြည်စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာနီးပါး လွတ်လပ်ရေးမရခင် ၁၉၂၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီအမှုကိုစိတ်ဝင်တစားရှိပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို လေ့လာနေတယ် လို့ ရှေ့နေဦးကြည်ဝင်းက ပြောပါတယ်။
ရုံးပြောင်းစစ်ဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့အဆုံးအဖြတ်ဟာ ပုံမှန် အားဖြင့် တစ်လကနေ တစ်လခွဲအထိ ကြာတတ်ပေမယ့် ဒီအမှုကို အမြန်ဆုံးဖြတ်ပေးလိမ့်မယ်လို့ ရှေ့နေတွေက မျှော်လင့်ထားပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပေးပြီးတဲ့အခါ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးကို ရောက်လာဖို့သေချာသလောက်ရှိတယ်လို့ ဥပဒေအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဒါကြောင့် အပြန်အလှန်လျှောက်လဲ ချေပချက်တွေကို တရားခွင်ထဲမှာ မကြာခင် မြင်ရဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြည်ဝင်းက မစ္စတာရှောင်တာနယ်ဆီက အချက်အလက်တွေဟာ စီးပွားရေးကိစ္စ တရားဝင် အကြံပေးချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ
၃။ (၁) မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေသော ရည်ရွယ်ချက် တစ်ခုခုဖြင့် −
(ဂ) ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသော တရားဝင် သင်္ကေတ၊ သို့မဟုတ် စကားဝှက်တစ်ခုခုကို သော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက် အလက်၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ် ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆက်သွယ်အကြောင်းကြားခြင်းပြုလျှင် −
အဆိုပါ ပြစ်မှုအား ကာကွယ်ရေးအစီအမံ၊ လက်နက်တိုက်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ သို့မဟုတ် စခန်းချရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်နှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ နိုင်ငံတော်၏ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ်ရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ တစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်းကောင်း ကျူးလွန်ခြင်းဖြစ်ပါက ထိုသူကို ဆယ့်လေးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဖြစ်ပြီး အခြားအမှုများဖြစ်လျှင် သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည်။