ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုတွေ စတင်စစ်ဆေး
စစ်တပ်က အာဏာသိမ်းပြီးနောက် ပုဒ်မ ၆ ခု၊ အမှု ၇ မှုနဲ့ တရားစွဲ ခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတချို့ကို ဇွန်လ ၁၄ ရက်က ပထမဆုံး စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သုံးမှုကို ပထမဆုံး စတင်ကြားနာတဲ့နေ့မှာ တရားလိုတွေကိုသာ စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။
ဒီကနေ့ စစ်ဆေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုက တရားလိုတွေကတော့ ရဲမှူးကြည်လင်း နဲ့ ရဲမှူးမြင့်နိုင် တို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
တရားလို ရဲမှူးမြင့်နိုင်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် ပုဒ်မတွေနဲ့ တရားစွဲခဲ့တာ ဖြစ်သလို၊ ရဲမှူးကြည်လင်းဟာ ပို့ကုန်သွင်းကုန်ပုဒ်မ ၊ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဘာအမှုတွေ စ စစ်လဲ
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ စွဲထားတဲ့ အမှု သုံးမှုအတွက် စတင် စစ်ဆေးတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက တနင်္လာနေ့တိုင်း သုံးမှုနဲ့ အင်္ဂါနေ့တိုင်း နှစ်မှုစီ ရုံးချိန်း ခေါ်ယူစစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်ခဲ့တဲ့အတိုင်း အခု တနင်္လာနေ့မှာ သုံးမှုကို စစ်ဆေးခဲ့ပါတယ်။
နောက်တစ်နေ့ ဇွန်လ ၁၅ ရက် အင်္ဂါနေ့မှာ နောက်နှစ်မှုကို စစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဦးထွန်းမြင့်အောင်ခေါ် ဦးညီညီက တရားလိုလုပ်ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှု နောက်တစ်မှုနဲ့ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် စည်ပင်သာယာရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့နဲ့အတူ သုံးယောက်တွဲ စွဲဆိုခံထားရတဲ့ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ )အတွက် ဇွန်လ ၁၅ ရက်မှာ ကြားနာစစ်ဆေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ပထမနေ့ ကြားနာစစ်ဆေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတွေကိုသာ စစ်ဆေးခဲ့ပြီး နေပြည်တော် စည်ပင်သာယာရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို စစ်ဆေးခြင်း မရှိဘူးလို့ သူတို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
တရားခွင်ရောက် ဒေါ်အောင်ဆန်းစုကြည်
ဇွန်လ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ရာမှာ ရှေ့နေတွေနဲ့ နာရီဝက်ကျော်ကြာ အောင် တွေ့ဆုံ စကားပြောခွင့်ရခဲ့ပြီး ထူးထူးခြားခြား မှာကြားလိုက်တာ မရှိဘူးလို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရတာ လန်းလန်းဆန်းဆန်းရှိပေမဲ့ သွားကိုက်နေတယ်လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုများ
-အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅
-သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅
-သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅
- ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈
- ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇
- နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)
- နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)
စတဲ့အမှုတွေက ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုတွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတွေ တစ်ခုပြီး တစ်ခု တပ်ပြီး အမှုထပ်တိုး တရားစွဲဆိုနေတဲ့ အာဏာသိမ်းစစ်ကောင်စီက အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ် အထိ ချနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ဇွန်လ ၁၀ ရက်နေ့က ထပ်တိုး တရားစွဲလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှု စုစုပေါင်း ၇ မှု ဖြစ်သွားပါပြီ။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာခြောက်သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူတယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ် ဖွင့်လှစ်တဲ့ ဗဟန်းမြိုနယ် တက္ကသိုလ်ရိပ်သာလမ်းက အဆောက်အဦးကို ကာလ တန်ဖိုးထက်လျော့နည်းတဲ့ ဈေးနဲ့ ရာထူး အလွဲသုံးစား လုပ်ပြီး ငှားရမ်းလို့ နိုင်ငံတော်က ငွေကျပ်သန်း ၅၂၀၀ ကျော်နစ်နာတယ်လို့ စစ်ကောင်စီဘက်ကစွပ်စွဲပါတယ်။
ဒါ့အပြင် နေပြည်တော်မှာလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ဖို့ ဆိုပြီး အလားတူလုပ်ခဲ့တဲ့ အတွက် နိုင်ငံတော်က ငွေကျပ် ၁၉ ဘီလျံကျော်နစ်နာတယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထဲက ငွေတွေကို ဒေါ်အောင်ဆန်းစုကြည် နေထိုင်ဖို့ ငွေ ကျပ် ၁.၆ ဘီလျံကျော် မလျော်မကန်သုံးတယ်ဆိုတဲ့ အချက်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ အဂတိလိုက်စားတယ်လို့ စစ်ကောင်စီက စွပ်စွဲထားဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ အမှုတွေကိုကြည့်မယ်ဆိုရင် အဲဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုတာက တစ်မှု၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲတာက နှစ်မှု၊ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တစ် မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ နဲ့ တစ်မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တစ်မှု စုစုပေါင်း ၆ မှုဖြစ်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ အမှုကတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတာပါ။ အဲဒီအမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လွှဲပြောင်းထားယူထားတယ်လို့ ရှေ့နေတွေကပြောပါတယ်။
ဒီအမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်ပါတယ်။
အဲဒီ အမှုကို ဇွန် ၂၃ ရက်နေ့မှာ လျှောက်လဲချက်ပေးရဖို့ရှိပါတယ်။
အခုစတင်စစ်ဆေး နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၅ ခုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးသွားမှာဖြစ်ပြီး ဇူလိုင်လ အတွင်း နှစ်ဘက် စစ်ဆေးမှုတွေ အပြီးသတ်လုပ်ဖို့ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက တရားသူကြီးက ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပုဒ်မတွေ တစ်ခုပြီးတစ်ခု တပ်ပြီး တရားစွဲတာဟာ သူ့ကို နိုင်ငံရေးလောကကနေ ဖယ်ရှားဖို့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီအဖြစ်ကနေ ဖယ်ရှားဖျက်ဆီးဖို့ ကြိုးစားတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။