ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေနိုင်ငံခြားရေး ဝန်ကြီးရဲ့ မလေး၊ ထိုင်း၊ အင်ဒို ၃ နိုင်ငံ ခရီးစဥ်နဲ့ မြန်မာ့အရေး
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး မစ္စ လစ်ဇ် ထရပ်စ် အရှေ့တောင်အာရှ ၃ နိုင်ငံ ခရီးစဥ် တစ်ပတ်ကြာ ထွက်နေတာမှာ အခုဆိုရင် ပထမဆုံး မလေးရှား နိုင်ငံမှာ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။
မလေးရှားဟာ ဗြိတိန် အတွက် အရေးကြီးတဲ့ ဓနသဟာရ အဖွဲ့ဝင် မိတ်ဆွေ နိုင်ငံ ၊ မိတ်ဖက် နိုင်ငံဖြစ်တယ်လို့ မစ္စတရပ်စ်က ပြောရင်းမှာပဲ မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ၊ နိုင်ငံခြားရေး ဝန်ကြီး ဆာအီဖူဒင် အဗ္ဗဒူလာတို့နဲ့ စကားပြော ဆိုခဲ့ကြောင်း တွစ်တာကနေ တဆင့် ထုတ်ပြန်ပါတယ်။
အရှေ့တောင်အာရှ ဒေသနဲ့ ဗြိတိန်ကြား စီးပွားရေး ဆက်ဆံမှုတွေနဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို တိုးမြှင့် အားကောင်းလာစေဖို့ ရည်ရွယ်ပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သွားရောက်မယ့် မစ္စထရပ်စ်ရဲ့ အခု ခရီးစဥ် ပြုလုပ်ရတာ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
မစ္စထရပ်စ် အနေနဲ့ နိုင်ငံခြားရေး မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေကိုလည်း အာဆီယံ ၃ နိုင်ငံက ထိပ်တန်း တာဝန်ရှိသူတွေနဲ့ကြား ဆွေးနွေးဖလှယ်မှာ ဖြစ်ပြီး၊ မြန်မာ အရေးဟာလည်း အာဖဂန်နစ္စတန် အရေးနဲ့အတူ ဦးစားပေး ပြောဆိုကြမယ့်အထဲ ပါဝင်တယ်လို့ နားလည်ရပါတယ်။
အာဆီယံနဲ့ ဆက်ဆံရေး ဗျူဟာမြောက် မြှင့်တင်လို
လက်ရှိ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်ဇ်ဟာ အာဆီယံနဲ့ ဆက်ဆံရေးကို ရေရှည်အတွက်ပါ တွက်ဆပြီး ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင် နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလလယ်တုန်းက ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရကက်ဘိနက် အဖွဲ့ဝင်တွေကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အဲဒီအခါ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ်ရပ်ဘ်က ဒုတိယ ဝန်ကြီးချုပ်၊ တရားရေးဝန်ကြီး အဖြစ် ရာထူးတိုးသွားပြီး နိုင်ငံတကာ ကုန်သွယ်ရေး၊ အမျိုးသမီးနဲ့ တန်းတူညီမျှရေး ဌာနတွေကို ပူးတွဲ တာဝန်ယူထားတဲ့ မစ္စထရပ်စ်ဟာ အစိုးရထိပ်တန်း အဖွဲ့ဝင်နေရာ ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး နေရာကို ရောက်လာပါတယ်။
အာဆီယံဒေသရဲ့ အဓိကနိုင်ငံတွေ ဖြစ်တဲ့ အခု သူသွားရောက်နေတဲ့ မလေး၊ အင်ဒိုနဲ့ ထိုင်း စတဲ့ နိုင်ငံတွေနဲ့ကြား ဗြိတိန် အနေနဲ့ ဆက်ဆံရေးကို အခုထက် ပိုပြီး အပြန်အလှန် အကျိုးဖြစ်နိုင်တဲ့ စနစ်တကျ ယန္တရားတွေ ထူထောင်ထားရှိဖို့ လိုအပ်နေတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး မစ္စ ထရပ်စ်က ရှုမြင် သုံးသပ်ထားပါတယ်။
အဲဒီလိုသာ ဆက်ဆံရေး ပိုပြီး တည်ဆောက်နိုင်မယ်ဆိုရင် ယူကေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ကောင်းမွန်လာစေမှာဖြစ်ပြီး၊ အာဆီယံ ဒေသ အတွက်လည်း လုံခြုံရေးနဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စချင်းရာတွေမှာ အကျိုးရှိလာနိုင်တယ်လို့ မစ္စထရပ်စ်က အခု ခရီးစဥ် မထွက်ခင်မှာ ပြောထားပါတယ်။
ဗြိတိန်အနေနဲ့ ဘယ်နိုင်ငံတွေအပေါ် အဓိက မိတ်ဖက်နိုင်ငံတွေအဖြစ် သဘောထားပြီး ဆက်ဆံရေး တည်ဆောက်ရမလဲ ဆိုတဲ့ နေရာမှာ ၂၀၅၀ ပြည့်နှစ် ကာလရဲ့ အလွန် အနာဂတ် အတွက် အခု ကတည်းက ထည့်သွင် စဥ်းစားပြီး လုပ်ဆောင်သင့်တယ်လို့ ယူကေ နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ် ထရပ်စ်က ဆိုပါတယ်။
ကမ္ဘာ့စင်မြင့်မှာ နေရာပိုရလာမယ့် အာဆီယံ
အရှေ့တောင်အာရှ ဒေသဟာ လာမယ့် ၁၀ စုနှစ်တွေ အတွင်း ကမ္ဘာ့ စီးပွားရေးရဲ့ အင်ဂျင်စက်သဖွယ် အဓိက မောင်းနှင်အားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ မစ္စထရပ်စ်က ပြောပါတယ်။
ဒါ့ကြောင့် ဗြိတိန် အနေနဲ့ အရှေ့တောင်အာရှ ဒေသနဲ့ ဆက်ဆံရေး ခိုင်မာဖို့ ဦးစားပေးသင့်တယ်၊ စီးပွားရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဆက်ဆံရေးတွေကို လက်ရှိ အနေအထားကနေ ပိုမိုမြှင့်တင်ဖို့ လိုတယ်လို့ မစ္စထရပ်စ်က ပြောနေတာ ဖြစ်ပါတယ်။
"အာဆီယံ နိုင်ငံတွေနဲ့ကြား ဆက်ဆံရေး ခိုင်မာ ကောင်းမွန်နိုင်မယ် ဆိုရင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုး ရှိနိုင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်" လို့ မစ္စထရပ်စ်က ဆိုပါတယ်။
ဒါ့ကြောင့် အာဆီယံဟာ အနာဂတ် မျှော်လင့်ချက် ကောင်းတွေ ရှိနေတဲ့ အင်ဒို-ပစိဖိတ် ဒေသကြီးလို့ မစ္စထရပ်စ်က ရည်ညွှန်း ခေါ်ဆိုရင်းမှာပဲ အာဆီယံ နိုင်ငံတွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ် ပိုပြီး အရေးပါတဲ့ ကဏ္ဍမှာ နေရာရယူလာမယ် လို့ လည်း မစ္စထရပ်စ်က ဆိုပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်တာဟာ စီးပွားရေးအခွင့်အလမ်းကောင်းတွေ ဖော်ဆောင်နိုင်ရုံမက၊ ကမ္ဘာတလွှား ဒီမိုကရေစီ နဲ့ လွတ်လပ်ရေး အားပေး ကူညီ မြှင့်တင် နိုင်ရေးမှာပါ အထောက်အကူ ဖြစ်စေ လိမ့်မယ်လို့ မစ္စထရပ်စ်က ပြောဆို ထားပါတယ်။
မြန်မာအရေး ဘယ်လောက် အာရုံစိုက်မလဲ
ယူကေဟာ အခုနှစ် ဩဂုတ် လဆန်းမှာပဲ အာဆီယံရဲ့ ဆွေးနွေးဖက် နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီတုန်းက ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ်ရပ်ဘ် လက်ထက် သဘောတူမှု ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံ အဖွဲ့ အနေနဲ့ ၂၅ နှစ်တာ ကာလ အတွင်း စကားပြောဘက် နိုင်ငံ အသစ် တစ်ခုကို ပထမဆုံးအကြိမ် အနေနဲ့ ထပ်မံ အသိအမှတ်ပြု လက်ခံလိုက်တာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေ အားလုံး စုပေါင်းရင် ကုန်ထုတ်လုပ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃.၂ ထရီလီယံ ရှိပြီး၊ ယူကေနဲ့ကြား ကုန်သွယ်မှု တန်ဖိုးကို ကြည့်ရင် အခုနှစ် ပထမ ၄ လေးလတာ အပြီး ပေါင် ၃၂.၃ ဘီလီယံ ဖိုး အထိအောင် ရှိနှင့် နေပြီ ဖြစ်ပါတယ်။
သဘောတူမှု အသစ်တွေရလာတဲ့ အတွက် အားကောင်းနေပြီး အပြန်အလှန် ကုန်သွယ်ရေးကို ပိုပြီး တိုးမြှင့်နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။
မြန်မာ အရေးမှာတော့ ဗြိတိန်က အိမ်ရှင်လုပ် ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတု ထိပ်သီး ညီလာခံမှာရော၊ ကျင်းပသွားဖို့ ရှိတဲ့ ထိပ်သီး စက်မှု ၇ နိုင်ငံ ဂျီဆဲဗင်းနဲ့ အာဆီယံကြား ဆွေးနွေးပွဲမှာပါ စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်မခံဖို့ ဗြိတိန်က ဆုံးဖြတ် ထားပါတယ်။
အခု နိုင်ငံခြားရေး ဝန်ကြီး မစ္စ ထရပ်စ်ရဲ့ ခရီးစဥ် မစခင် ထုတ်ပြတ်ချက် အရလည်း အာဆီယံနဲ့ ဆက်ဆံရေး တိုးမြှင့်ခြင်း အားဖြင့် ကမ္ဘာ့ ဒီမိုကရေစီရေး၊ လွတ်လပ်ရေးတွေကို အားပေး ကူညီနိုင်ဖို့ မျှော်လင့်ကြောင်း ထည့်သွင်း ပြောထားပါတယ်။
အထူးသဖြင့် အာဆီယံ အတွင်းရေးမှူးချူပ်ရုံး ရှိရာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ အင်ဒို နိုင်ငံခြားရေး ဝန်ကြီး မစ္စ ရက်တနို မာဆုဒီနဲ့ စကားပြောတဲ့ အခါ မြန့်မာ့ အကျပ်အတည်း ပြဿနာတွေ အကြောင်း ထည့်သွင်းပြောမှာ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးရုံးက သတင်း ထုတ်ပြန်ထားပါတယ်။