အာဆီယံ ထိပ်သီးဆွေးနွေးပွဲ- မြန်မာအရေး အမေရိကန်က အလေးပေးပြီး၊ တရုတ် နှုတ်ဆိတ်နေခဲ့

အရှေ့တောင်အာရှ ဒေသတခွင် ပင်လယ်ပြင်တို့ရဲ့ လွတ်လပ် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ကို အာဆီယံ မိတ်ဖက်တွေ လက်တွဲ ကာကွယ် သွားမယ်လို့ အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံမှာ ရှိနေကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို သမ္မတဘိုင်ဒင်က ပြောတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် အရေး၊ ထိုင်ဝမ် အရေးတို့ အပြင် မြန်မာအရေးကိုပါ အွန်လိုင်း ဗီဒီယို ကနေ တဆင့် ပါဝင် တက်ရောက်နေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ တဆက်တစပ်တည်း အစည်းအဝေးတွေမှာ သမ္မတဘိုင်ဒင် ဦးစားပေး အာရုံစိုက် ပြောနေတာ ဖြစ်ပါတယ်။

မြန်မာပြည် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာရတဲ့ ဝမ်းနည်းစဖွယ် ဖြစ်ရပ်တွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို တိုးမြှင့် ထိခိုက်လာနေတယ် ဆိုပြီး မြန်မာ့ အကျပ်အတည်းဟာ ပြည်တွင်းရေးထက် ကျော်လွန်သက်ရောက် နေစေတဲ့ ပြဿနာ အဖြစ် သမ္မတဘိုင်ဒင်က ဆိုပါတယ်။

"မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ပြီး မြန်မာစစ်တပ်ကို တောင်းဆိုလိုက်တယ်။ အကြမ်းဖက် လုပ်ဆောင် နေတာတွေကို အဆုံးသတ်ပါ နိုင်ငံရေး အကျဥ်းသားတွေ အားလုံးကို ပြန်လွှတ်ပါ၊ ဒီမိုကရေစီ လမ်းပေါ်ကို ပြန်သွားပါ" လို့ အမေရိကန် သမ္မတက တောင်းဆိုပါတယ်။

မြန်မာအရေး ၂ ရက်ဆက်ပြီး သမ္မတဘိုင်ဒင် ပြောဆို

ပြီးခဲ့တဲ့ရက် အောက်တိုဘာ ၂၆ အင်္ဂါနေ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာပဲ အမေရိကန် - အာဆီယံ အစည်းအဝေးလည်း တစ်ရက်တည်း ကျင်းပခဲ့ပါတယ်။

အဲဒီ ပထမနေ့မှာ ကတည်းက သမ္မတ ဘိုင်ဒင် တက်ရောက် နေခဲ့တာ ဖြစ်ပြီး၊ ဒါဟာ ၄ နှစ် အတွင်း အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အမေရိကန် သမ္မတ တစ်ဦး ကိုယ်တိုင် ပါဝင်တာ ဖြစ်ပါတယ်။

မြန်မာအရေးဟာ အဲဒီ ပထမနေ့ အမေရိကန် - အာဆီယံ ထိပ်သီး ဆွေးနွေးမှာလည်း သမ္မတ ဘိုင်ဒင် အာရုံစိုက် ပြောဆိုတဲ့ အကြောင်းအရာတွေထဲ ပါဝင် ခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာသိမ်းမှုနဲ့ ထိတ်လန့်စဖွယ် အကြမ်းဖက် ဖြစ်ရပ်တွေ အပေါ် အလွန်အမင်း စိုးရိမ်ရတယ် ဆိုပြီး အဲဒီ ပထမနေ့ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန်ကြား သီးသန့်ပွဲမှာ သမ္မတဘိုင်ဒင် ပြောခဲ့ပါတယ်။

နောက်တစ်ရက်၊ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာလည်း သမ္မတဘိုင်ဒင်က မြန်မာအရေး ထပ်လောင်း ပြောတာတွေ၊ တောင်းဆိုတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်မကြီး အစိုးရ အပေါ် တိုက်ရိုက် ဝေဖန်

တောင်တရုတ် ပင်လယ်ပြင်အရေး၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဘက်နဲ့ ရှင်ကျန်းနယ် အရေးတို့နဲ့ ပတ်သက်ပြီး သမ္မတ ဘိုင်ဒင်ဟာ တရုတ် ပြည်မကြီး အစိုးရ အပေါ် တိုက်ရိုက် ဝေဖန် ပြစ်တင်တဲ့ စကားတွေ ဆိုပါတယ်။

ထိုင်ဝမ် ရေလက်ကြားကို ကျော်ဖြတ်ပြီး ပြုမူနေတဲ့ တရုတ်ရဲ့ ရန်လိုမှုတွေ အတွက် အတော်လေး စိုးရိမ်မကင်း ဖြစ်နေရတယ်လို့ သမ္မတ ဘိုင်ဒင်က အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှာ ပြောပါတယ်။

တောင်တရုတ် ပင်လယ် တခွင် ရေပြင်ပိုင်နက် အများစုကို ထိန်းချုပ်ထားတဲ့ တရုတ်နဲ့ အာဆီယံ အဖွဲ့ဝင် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကြားမှာလည်း ပိုင်နက် အငြင်းပွားမှု၊ မကျေလည်မှုတွေ ရှိပါတယ်။

ဒါ့အပြင် စီးပွားရေး၊ ရင်းနှီးမြှပ်နှံရေး၊ ကုန်သွယ်ရေးတွေ ကနေ တဆင့် အာဆီယံ ဒေသတခွင် တရုတ်ရဲ့ ဩဇာဖြန့်ကျက်ထားမှု အပေါ် အမေရိကန်က တွန်းထုတ် လိုနေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒါ့ကြောင့်လည်း အခု ၂၀၂၁ ထိပ်သီး ဆွေးနွေးပွဲ အဖွင့်နေ့ အမေရိကန်၊ အာဆီယံ သီးသန့် ဆွေးနွေးပွဲမှာပဲ ဒေသတွင်း ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ချဲ့ထွင်တဲ့ အစီအစဥ်သစ် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၂ သန်း ဖိုး အထိအောင် ထည့်ဝင်ဖို့ ရည်မှန်းထားတယ် ဆိုပြီး သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာ ခဲ့ပါတယ်။

အာဆီယံ ဒေသတွင်း ကိုဗစ်ကပ်ရောဂါကနေ နလံထူရေး၊ ရာသီဥတု ပြောင်းလဲမှု ပြဿနာ အပေါ် ကိုင်တွယ်ရေး၊ စီးပွားရေးနဲ့ လူ့သား အရင်းအမြစ် ဖွံ့ဖြိုးရေး စတာတွေမှာ အသုံးပြုဖို့ အမေရိကန်က ထည့်ဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေး စီမံကိန်းတွေ စားပွဲပေါ် တင်ပြလာတဲ့ တရုတ်ဝန်ကြီးချုပ်လီ

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာပဲ အမေရိကန်နဲ့ သီးသန့် တွေ့ဆုံသလိုပဲ တရုတ်နဲ့လည်း အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပါတယ်။

အဲဒီ ၂၄ ကြိမ်မြောက် တရုတ် - အာဆီယံ ထိပ်သီး အစည်းအဝေးကို ဝန်ကြီးချုပ် လီကာချန်း တက်ရောက်တယ်လို့ တရုတ်ဘက်က အတည်ပြု ထုတ်ပြန်ပါတယ်။

ဒီနှစ်ဟာ အာဆီယံနဲ့ တရုတ်ကြား ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ထားတာ အနှစ် ၃၀ ပြည့်မြောက်တဲ့နှစ် ဖြစ်တယ်လို့ နားလည်ရပါတယ်။

ဒီ အခါသမယမှာ ဝန်ကြီးချုပ်လီက တရုတ် အာဆီယံ ပူးပေါင်းမှုနဲ့ စပ်လျဥ်းပြီး အကြံပြုချက် ၆ ရပ် ဆိုပြီး ချပြလာပါတယ်။

အာရှ ပစိဖိတ် တလွှား နိုင်ငံတွေကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး ဇုံကြီး ဖော်ဆောင်ဖို့ RCEP သဘောတူမှုကြီး အမြန်ဆုံး အသက်ဝင် စေရေး ဆော်ဩထားတာ အပါအဝင် စီးပွားရေး စီမံကိန်း အသီးသီးကို တရုတ်ဘက်က အာရုံစိုက် ပြောထားတာ တွေ့ရပါတယ်။

အဲဒီ RCEP ထဲမှာ အာဆီယံ ၁၀ နိုင်ငံနဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပါဝင်ပါတယ်။

ပစိဖိတ် ဖြတ်ကျော် မိတ်ဖက် ဆက်ဆံမှု CPTPP ထဲမှာ ပါဝင်နိုင်ဖို့ တရုတ်ရဲ့ လျှောက်ထားမှု အပေါ် အာဆီယံ နိုင်ငံတွေကလည်း ထောက်ခံ အားပေးကြဖို့ ဝန်ကြီးချုပ်လီက တောင်းဆိုပါတယ်။

တရုတ် - အာဆီယံ ဒစ်ဂျစ်တယ် မိတ်ဖက် ဆက်ဆံရေး စောလျဥ်စွာ ချမှတ်မယ်လို့ တရုတ်ဘက်က ပြောရင်းမှာပဲ အပြာရောင် ၊ အစိမ်းရောင် လို့ ညွှန်းဆိုထားတဲ့ စီးပွားရေး စီမံကိန်းတွေ အကြောင်းလဲ ဝန်ကြီးချုပ်လီက ပြောပါတယ်။

အားလုံးပါဝင်တဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အာဆီယံ နိုင်ငံတွေမှာ သီးသန့် အဖွဲ့အစည်း ထူထောင်ပြီး စံပြနေရာတွေ အဖြစ် ဖန်တီးမယ် ဆိုတဲ့ တရုတ်ရဲ့ အာမခံချက်ကို အပြာရောင် စီးပွားရေး ဘလူးအီကော်နော်မီ ဆိုပြီး ဝန်ကြီးချူပ် လီ က ညွှန်းဆိုတာ ဖြစ်ပါတယ်။

တခါ၊ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်၊ သဘာဝကို ကာကွယ်ရင်း စွမ်းအင်လုပ်ငန်း အပါအဝင် စီးပွားရေး ဖွဲ့စည်းပုံတွေ ပြောင်းလဲမှု ဖော်ဆောင်ရေး ဆိုတာကိုတော့ "အစိမ်းရောင် ပူးပေါင်း ဆောင်ရွက်မှု" ဆိုပြီး ဝန်ကြီးချုပ်လီရဲ့ အကြံပြုချက်ထဲ ရည်ညွှန်းထားပါတယ်။

တရုတ်ရဲ့ နှုတ်ဆိတ်မှု ဘယ်လို သဘောဆောင်သလဲ

အခုလို စီးပွားရေး ဆိုင်ရာ ကိစ္စတွေ အပေါ် အာရုံစိုက်ထားတဲ့ တရုတ်ရဲ့ အကြံပြုချက်ထဲမှာ မြန်မာနဲ့ ပတ်သက်လို့တော့ မပါဝင်ပါဘူး။

အခု အာဆီယံ အစည်းအဝေးမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို မထည့်သွင်းပဲ ချန်ထားခဲ့တဲ့ ကိစ္စ အပေါ်မှာလည်း တရုတ်ဘက်က လူသိရှင်ကြား မှတ်ချက်ချ ပြောဆိုတာမျိုးလည်း မတွေ့ရပါဘူး။

ကုလသမဂ္ဂမှာ NUG ရဲ့ လူ ဦးကျော်မိုးထွန်းကို မြန်မာဆိုင်ရာ သံအမတ် အဖြစ် ဆက်ပြီး ရှိနေစေဖို့ အမေရိကန်နဲ့ တရုတ်ကြား သဘောတူထားတယ် ဆိုတဲ့ အချက် ပေါ်ထွက်ခဲ့ပြီး၊ ဆက်တိုက်ဆိုသလိုပဲ အာဆီယံ ဒေသတွင်းမှာပါ စစ်ကောင်စီ အထိနာ စေမယ့် ဆုံးဖြတ်ချက်မျိုးတွေ ချမှတ် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါတွေဟာ ကုလသမဂ္ဂမှာရော၊ အာဆီယံမှာပါ မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှု အပေါ် အသိအမှတ် မပြုတဲ့ အဓိပ္ပာယ်၊ တရားဝင်မှု မပေးတဲ့ ရပ်တည်မှုမျိုးတွေ ပြသနေတာ ဖြစ်တယ် ဆိုတဲ့ ရှုမြင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာစေပါတယ်။

ဟောင်ကောင်၊ တိဘက်၊ ရှင်ကျန်း အရေးတို့ အပေါ် ဝေဖန်မှုတွေ အပေါ် ပြည်တွင်းရေး အဖြစ် ပယ်ချလေ့ ရှိတဲ့ တရုတ်ဆီကနေ မြန်မာအရေး လူ့အခွင့်အရေး အခြေခံ ပြောဆိုမှုတွေ ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုပြီး အကဲခတ်တချို့က ဆိုပါတယ်။

ကုလသမဂ္ဂလို့ ကမ္ဘာ့ နိုင်ငံတကာ စင်မြင့်မှာ တရုတ်ဟာ မြန်မာ အရေး သဘောထားနဲ့ မှတ်ချက်တွေ ပြုလေ့ ရှိပေမယ့်၊ အာဆီယံ စင်မြင့်မှာတော့ အာဆီယံ အဖွဲ့ အတွင်း သဘောထား ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝင်ရောက် ပြောဆိုဖို့ရာ မသင့်ဘူး၊ မအပ်စပ်ဘူး ဆိုတဲ့ ရပ်တည်မှုမျိုးလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိပါတယ်။

မြန်မာ အာဏာသိမ်း စစ်တပ် အတွက်တော့ ကုလမှာရော၊ ဒေသတွင်းမှာပါ နိုင်ငံတကာ မျက်နှာစာတွေမှာ တရုတ်ဆီကနေ သံတမန် အကာအကွယ်မျိုး မရရှိနိုင် ဖြစ်နေတာကတော့ ထင်ရှားတယ်လို့ ဆိုကြပါတယ်။