ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ထိုင်းဘာပြောလဲ
အာဆီယံအထူးသံတမန်ရဲ့မြန်မာပြည်တွင်းခရီးစဉ် မကြာခင်ပေါ်ပေါက်လာသင့်တယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဒီနေ့ အောက်တိုဘာလ ၂၆ ရက်မှာပြောလာပါတယ်။
အွန်လိုင်းကနေကျင်းပတဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာပြောတဲ့ မိန့်ခွန်းအတွင်း ထိုင်းဝန်ကြီးချုပ်က အခုလိုထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။
အထူးသံရဲ့ခရီးစဉ်ဟာ မြန်မာပြည်တွင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား ဆွေးနွေး ပြောဆိုမှုကို အားပေးဖို့ ရည်ရွယ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ပထမ ခြေလှမ်းဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ဝန်ကြီးချုပ်က ထောက်ပြပြောဆိုပါတယ်။
မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းမှုကို ထိုင်းဘက်က မြင်တွေ့လိုပြီး မြန်မာပြည်သူ တွေအတွက် တင်သာမက ဒေသတွင်းအတွက်ပါ အကျိုးရှိစေတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေးကိုလည်း ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းနိုင်မှုဟာ အာဆီယံအတွက် ဒေသတွင်းမှာ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်း နိုင်မှုအတွက် စမ်းသပ်ချက်တစ်ရပ်ဖြစ်သလို အာဆီယံရဲ့အပြုသဘောဆောင်တဲ့အခန်းကဏ္ဍလည်း အရေးကြီးတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောထားပါတယ်။
အကြမ်းဖက်မှုတွေလျှော့ချဖို့၊ ထိန်းသိမ်းခံတွေကိုလွှတ်ပေးဖို့၊ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား ပဋိပက္ခကို ဆွေးနွေးပြောဆိုမှုနဲ့ဖြေရှင်းဖို့ သူက ပြောသလို အာဆီယံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ဖို့ကိုလည်း ဝန်ကြီးချုပ်က မိန့်ခွန်းထဲ ပြောသွားပါတယ်။
ငြိမ်းချမ်းမှုနဲ့သဟာဇာတဖြစ်မှုရရှိရေးကူညီမှုမှာ မြန်မာအနေနဲ့ အာဆီယံကို ယုံကြည်ဖို့ မျှော်လင့်သလို အာဆီယံရဲ့စုပေါင်းမျှော်မြင်တတ်မှုဟာ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီပြန်လည်ရရှိရေးသာမက ဒေသတွင်း တည်ငြိမ်ဝပြောရေးအတွက်ပါ အရေးပါတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။